မကွေး ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မကွေးတိုင်းဒေသကြီး MSME Agency မှ ကြီးမှူး၍ ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (One Region One Product) အစီအစဉ်ဖြင့် ပဲကြော်၊ ပဲလှော် လုပ်ငန်းများအတွက် စွန့်ပစ်ရေသန့်စင်ခြင်း (Wastewater Treatment) ဆိုင်ရာ ဆွေးနွေးပွဲ ကို နိုဝင်ဘာလ(၂၈)ရက်က တောင်တွင်းကြီးမြို့နယ် သာသနာ့ဗိမာန်တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲနှင့်ပတ်သက်၍ တာဝန်ရှိသူများကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်-
ဒေါ်ဖြိုးဇာမောင်၊ ဒုတိယညွှန်ကြားရေးမှူး၊ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊ မကွေးမြို့
မေး။ မကွေးတိုင်းဒေသကြီးအတွင်း ဘယ်မြို့နယ်တွေမှာ ဒီလိုဆွေးနွေးပွဲတွေကို ဆောင်ရွက်ပါသလဲရှင်။
ဖြေ။ မကွေးတိုင်းထဲမှာ မကွေးမြို့နဲ့ တောင်တွင်းကြီးမြို့တို့မှာ ဆောင်ရွက်ပါတယ်။ မကွေးမြို့ မှာတော့ စွမ်းအင်ချွေတာရေးဆွေးနွေးပွဲ၊ Productivity Improvement Management Training for MSME ( 5 S ) စတဲ့ ဆွေးနွေးပွဲတွေ ဆောင်ရွက်ခဲ့ပါတယ်။ တောင်တွင်းကြီး မှာတော့ Packageing, Labelling and Food Safety ဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ်လ အတွင်းက ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ ဆွေးနွေးပွဲကတော့ တောင်တွင်းကြီး မြို့နယ်မှာ ဒုတိယအကြိမ်ပြုလုပ်တဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။
မေး။ ဒီနေ့ဆွေးနွေးပွဲအခမ်းအနားမှာ ဘယ်လိုလုပ်ငန်းရှင်တွေကို အဓိကထားပြီးဖိတ်ကြားပါသလဲ။
ဖြေ။ Wastewater Treatment ဖြစ်တဲ့အတွက် ရေဆိုးထွက်တဲ့လုပ်ငန်းတွေဖြစ်တဲ့ ပဲကြော်ပဲလှော် လုပ်ငန်းရှင်တွေကို အဓိကဖိတ်ကြားပါတယ်။ One Region One product (OROP) ဆိုတဲ့ ထုတ်ကုန်အမယ် (၁၁) မျိုးကို ရွေးချယ်ပြီးလုပ်တာဆိုတော့ အဲ့ထုတ်ကုန်(၁၁)မျိုးမှာ ပဲကြော် ပဲလှော် လုပ်ငန်းကလည်းပါတော့ ပဲကြော်ပဲလှော်လုပ်ငန်းကို ဦးတည်ပါတယ်။ တခြား ရေဆိုး ထွက်တဲ့လုပ်ငန်းတွေဖြစ်တဲ့ မုန့်ဟင်းခါးဖက်လုပ်ငန်းတွေ၊ စားသောက်ကုန်လုပ်ငန်းနဲ့ ရေသန့်လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ကြားပါတယ်။
မေး။ စက်မှုကြီးကြပ်ဦးစီးဌာနအနေနဲ့ MSME လုပ်ငန်းရှင်တွေကို ဘယ်လိုပံ့ပိုးမှုတွေဆောင်ရွက်ပေး လည်းဆိုတာ သိပါရစေ။
ဖြေ။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) အစီအစဉ်ကို အကောင်အထည်ဖော်လျက်ရှိရာမှာ စိုက်ပျိုးရေးကဏ္ဍ၊ MSME ကဏ္ဍတို့က အလားအလာရှိတဲ့ ထုတ်ကုန်အမယ် (၁၁)မျိုး ကို ရွေးချယ်ပြီး လိုအပ်တာတွေ ပံ့ပိုးပေးပါတယ်။ ချေးငွေတွေထုတ်ချေးပေးတယ်။ ထုတ်ကုန်တွေရဲ့ အရည်အသွေးပိုင်း ဆိုင်ရာ၊ ထုပ်ပိုးမှုပိုင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွေ၊ ဈေးကွက်ရရှိရေးအတွက် ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲတွေ ကျင်းပဆောင်ရွက်ပေးပါတယ်။ ဒီနေ့ပြုလုပ်တဲ့ ပဲကြော်၊ ပဲလှော်လုပ်ငန်းတွေအတွက် စွန့်ပစ်ရေသန့်စင်ခြင်း (Wastewater Treatment) ဆိုင်ရာ ဆွေးနွေးပွဲဟာဆိုရင်လည်း မကွေးတိုင်းဒေသကြီး ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) ကဏ္ဍမှာပါဝင်တဲ့ MSME လုပ်ငန်းတွေကို ပံ့ပိုးပေးနိုင်ဖို့အတွက် ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ပါတယ်။
မေး။ ဒီလိုဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကိုလည်း သိပါရစေရှင့်။
ဖြေ။ ပဲကြော်၊ ပဲလှော်လုပ်ငန်းတွေက လိုအပ်တဲ့အရည်အသွေးရဖို့အတွက် ပဲကြော်မကြော်မီ ပဲကို (၁၂)နာရီခန့်ရေစိမ်ပြီးမှ ကြော်ရပါတယ်။ ပဲကိုရေစိမ်ရာမှထွက်ရှိလာတဲ့ ရေဆိုးတွေက အနံ့ဆိုးတွေ ထွက်ပါတယ်။ ခြင်၊ ယင်စတဲ့ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ပွားစေတာကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းစေတဲ့အပြင် ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်၊ ဒါကြောင့် ပဲကြော်၊ ပဲလှော်နဲ့ အကြော်စုံလုပ်ငန်းတွေရဲ့ စွန့်ပစ်ရေသန့်စင်ခြင်း (Wastewater Treatment) ဆိုင်ရာ အသိပညာဗဟုသုတတွေ တိုးပွားလာစေဖို့၊ ပဲကြော်၊ ပဲလှော်ထုတ်လုပ်မှုကနေ ထွက်ရှိလာတဲ့ရေဆိုးတွေကို သန့်စင်ပြီးမှစွန့်ပစ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေဖို့၊ ပဲကြော်၊ ပဲလှော်လုပ်ငန်းတွေကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ညီညွတ်ပြီး သန့်ရှင်းတဲ့လုပ်ငန်းခွင်ဖြစ်လာစေဖို့ အဓိကရည်ရွယ်ပြီးတော့ ဒီနေ့ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။
မေး။ ဒီနေ့ ဆွေးနွေးပွဲကနေ လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေ ရသွားနိုင်ပါသလဲ။
ဖြေ။ ဒီနေ့ဆွေးနွေးပွဲကနေ စွန့်ပစ်ရေသန့်စင်ခြင်း (Wastewater Treatment) ဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားလာမယ်၊ မိမိတို့လုပ်ငန်းကနေထွက်ရှိလာတဲ့ စွန့်ပစ်ရေကို စနစ်တကျ သန့်စင်ပြီး လက်ခံနိုင်သည့်အဆင့်အထိ လျှော့ချပြီးမှ စွန့်ပစ်တဲ့အတွက် အနံ့ဆိုးထွက်ရှိမှု၊ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှု၊ လူနဲ့တိရစ္ဆာန်တွေရဲ့ကျန်းမာရေးထိခိုက်မှုတွေကိုလျော့နည်း စေနိုင်မယ်၊ ဒါ့အပြင် ရေဆိုးတွေကိုသယ်ယူပြီး သီးသန့်သွားရောက် စွန့်ပစ်ဖို့မလိုတော့ဘဲ သန့်စင်ထားပြီးဖြစ်တဲ့စွန့်ပစ်ရေကို ရေနှုတ်မြောင်းအတွင်း တိုက်ရိုက်စွန့်ပစ်နိုင်တဲ့အတွက် သယ်ယူစရိတ်သက်သာမယ်၊ ပဲကြော်၊ ပဲလှော်လုပ်ငန်းတွေအပါအဝင် ရေဆိုးထွက်ရှိတဲ့ လုပ်ငန်းတွေကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ညီညွတ်ပြီး သန့်ရှင်းတဲ့ လုပ်ငန်းခွင်ဖြစ်လာစေမယ်စတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်ပါတယ်။ နောက်ထပ်က လုပ်ငန်းတစ်ခုချင်းအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေရုံသာမကဘဲ MSME ဖွံ့ဖြိုးတိုးတက်မှု မှတစ်ဆင့် ဒေသခံတွေရဲ့ဝင်ငွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးပွားလာပြီး တိုင်းဒေသကြီးရဲ့ စီးပွားရေးဖွံ့ဖြိုးမှု မြင့်မားလာတဲ့အထိ အကျိုးကျေးဇူးရရှိစေမှာဖြစ်ပါတယ်။
မေး။ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး နောက်ထပ် ဘာများပြောချင်တာရှိပါသေးလဲရှင်။
ဖြေ။ MSME လုပ်ငန်းများအနေနဲ့ ကုန်ထုတ်စွမ်းအားတိုးမြှင့်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်သလို မိမိတို့လုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲဆောင်ရွက်နိုင်ရေးနဲ့ ကောင်းမွန်သန့်ရှင်းသော ထုတ်လုပ်မှုနည်းစဉ်များ(GMP)နဲ့အညီ ထုတ်လုပ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ စက်မှုကြီးကြပ် နှင့် စစ်ဆေးရေးဦးစီးဌာနအနေနဲ့ တိုင်းအစိုးရရဲ့ဦးဆောင်မှုနဲ့ OROP အစီအစဥ်ကို လုပ်နေတော့ အခုလက်ရှိလုပ်နေတဲ့ ဆွေးနွေးပွဲတွေရှိတယ်။ နောက်လာမယ့် ဘဏ္ဍာနှစ်မှာလည်း အခုလို ဆွေးနွေးပွဲတွေ၊ ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲတွေ လုပ်သွားဖို့ရှိပါတယ်။
ဦးဝင်းသိန်း (ရွှေပြည်အင်အားကုမ္ပဏီ)
မေး။ စွန့်ပစ်ရေသန့်စင်ခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးပေးခဲ့လဲ ဆိုတာ သိပါရစေရှင်။
ဖြေ။ အင်းလေးကန် ရေထုညစ်ညမ်းမှုလျှော့ချရေးစီမံချက်အနေနဲ့ ၂၀၀၈ မှာ အင်းလေးကန် ရေထုညစ်ညမ်းမှုလျော့ချရေးအစီအစဥ်နဲ့ အင်းလေးကန်ထဲမှာ တိုက်ရိုက်စွန့်ပစ်တဲ့စနစ်တွေ မဟုတ်ဘဲနဲ့ BIO နဲ့ အသုံးပြုပြီး BIO နဲ့ ဇိဝသန့်စင်ရည်ထည့်ပြီး သုံးခဲ့တဲ့စနစ်တွေအကြောင်း၊ နာဂစ်မုန်တိုင်းကြောင့်ဖြစ်ပွားခဲ့တဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို ပြန်လည်သန့်စင် ပေးခဲ့တဲ့အကြောင်း၊ နောက်ဇိဝသန့်စင်ဆေးရည်ကို မိလ္လာစနစ်အမျိုးမျိုး၊ စက်ရုံ၊ အလုပ်ရုံတွေက စွန့်ပစ်ရေဆိုးတွေ၊ မွေးမြူရေးခြံ၊ ရေဆိုးမြောင်း၊ အနံ့ဆိုးထွက်တဲ့ ညစ်ညမ်းနေရာအမျိုးမျိုးမှာ အသုံးပြုနိုင်ကြောင်းနဲ့ အသုံးပြုပုံနည်းလမ်းတွေကို ဆွေးနွေးခဲ့ပါ တယ်။
ဦးဇော်ကိုမင်း (သင်းမြတ်ပဲကြော်လုပ်ငန်း)
မေး။ ဒီနေ့ဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးခဲ့ပါလဲရှင့်။
ဖြေ။ ဒီနေ့ဆွေးနွေးတဲ့အကြောင်းအရာက ပဲကြော်၊ ပဲလှော် လုပ်ငန်းများအတွက် One Product One Region ဒေသတစ်ခု ထွက်ကုန်တစ်ခုအစီအစဉ်နဲ့ မကွေးတိုင်းဒေသကြီး MSME Agency ကနေ ကြီးမှူးပြီး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ ပွဲလေးဖြစ်ပါတယ်။ အဓိကဆွေးနွေး သွားတာကတော့ ပဲကြော် ပဲလှော်လုပ်ငန်းက စွန့်ပစ်ရေကန်ရှိတယ်။ စွန့်ပစ်ရေ အနံ့ဆိုး လျော့ချရေးဆိုပြီး ရွှေတောင်ကြီးအမှတ်တံဆိပ် အနံ့ဆိုးပျောက်ဆေးရည်သုံးစွဲပြီး အနံ့ဆိုးတွေ လျော့ချပေးနိုင်တဲ့အကြောင်းတွေနဲ့ အသုံးပြုနည်းအကြောင်းတွေကို ဆွေးနွေးပေးပါတယ်။
မေး။ ဒီဆွေးနွေးပွဲကနေ ပဲကြော် ပဲလှော်လုပ်ငန်းရှင်တွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိခဲ့ပါသလဲ။
ဖြေ။ လုပ်ငန်းရှင်တွေအတွက် အနံ့ဆိုးတွေလျော့ချဖို့ လုပ်ငန်းစဥ်တစ်ခုရပါတယ်။ ဒီလုပ်ငန်းစဥ်က ပြီးပြည့်စုံတဲ့လုပ်ငန်းစဥ်ရောက်နိုင်လားဆိုတာ ကျွန်တော်တို့ စမ်းသုံးကြည့်ရပါဦးမယ်။ ဘယ်လောက်ထိထိန်းချုပ်နိုင်မှာလဲ၊ စီးပွားရေးအရတွက်ခြေကိုက်ရဲ့လား။ အနံ့တော့ပျောက်သွားမယ်၊ စီးပွားရေးအရအရမ်းကြီးကုန်ကျစရိတ်များနေရင်လည်း လုပ်ငန်းရှင်တွေဘက်က အဆင်မပြေနိုင်ဘူး။ လုပ်ငန်းတစ်ခုရဲ့အကြီးအသေးပေါ်မူတည်ပြီး ရေပမာဏဘယ်လောက် ကို သန့်စင်လျော့ချပေးနိုင်လဲ။ စွန့်ပစ်ရေပမာဏနဲ့ ဆေးသုံးရမယ့်ပမာဏကို လုပ်ငန်းရှင်တွေလက်တွေ့လုပ်ကြည့်မှသိမှာပါ။
မေး။ ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသေးလဲရှင်။
ဖြေ။ အနံ့ဆိုးနဲ့ပတ်သက်ပြီး တခြားဘယ်လိုနည်းလမ်းတွေနဲ့ လျော့ချလို့ရမလဲဆိုတာ နည်းပညာ ပိုင်းတွေလိုအပ်နေပါသေးတယ်။ နေ့စဥ်ထွက်နေတဲ့စွန့်ပစ်ရေတွေကို ဒီဆေးနဲ့ လုပ်တဲ့ကိစ္စက ရေရှည်မှာအဆင်ပြေနိုင်မလားပေါ့။ ပဲကြာ်ပဲလှော်လုပ်ငန်းက ပဲစိမ်ရေတွေ၊ ပဲဆေးရေတွေက နေ့စဥ် အမြောက်အများထွက်နေတာဆိုတော့ ရေဆိုးစထွက်လာတဲ့အဆင့်ကစပြီး ဘယ်လို Filter လုပ်လို့ရနိုင်မလဲ။ ပဲရေမှာပါတဲ့ အမှုန်အမွှားတွေ၊ အနယ်အနှစ်တွေကို Filter လုပ်နိုင်မှ ပိုပြီးအဆင်ပြေမယ် ထင်ပါတယ်။
အေးမိုးမိုးမြင့်