မင်းလှမြို့နယ်တွင် ပလပ်စတစ်အိတ်သုံးစွဲမှု‌လျှော့ချရေး အသိပညာပေးဆောင်ရွက်

အထက်မင်းလှ  ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲစေရန်ရည်ရွယ်၍ ဇေ‌ယျာသီရိဈေးတွင် ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား၊ ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာ‌ပေးလက်ကမ်းစာစောင်နှင့် ငှက်ပျောဖက်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် (၈)နာရီက ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ဈေးဝယ်ယူရာတွင် လက်ဆွဲခြင်းများ၊ ထည့်စရာယူဆောင်လာရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ငှက်ပျောဖက်များ အခမဲ့ဖြန့်‌ဝေပေးခဲ့ပြီး ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)