ကန့်ဘလူ ဒီဇင်ဘာလ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများနှင့် ပတ်ဝန်းကျင်အကြောင်း သိကောင်းစရာဆွေးနွေးဟောပြောပွဲကို နိုဝင်ဘာ ၂၇ ရက်မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်နွယ်ဦးက အမျိုးသမီးများနှင့်ပတ်ဝန်းကျင် ခေါင်စဥ်ဖြင့် ဆွေးနွေးရာတွင် အမျိုးသမီးများသည် တောင်ယာ၊ သစ်တော၊ အစားအစာ၊ မြေယာကဲ့သို့သော သဘာဝသယံဇာတများဖြင့် တိုက်ရိုက်ထိ တွေ့မှုရှိပြီး ပတ်ဝန်းကျင်ဂေဟစနစ်တွေပေါ်မှာလည်း ကောင်းစွာနားလည်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုအပေါ်မှာလည်း လိုက်လျောညီတွေစွာ နေထိုင်နိုင်ကြကြောင်း၊ ယနေ့ပတ်ဝန်းကျင်တွင် လေထုညစ်ညမ်းမှုများနှင့်ပတ်သက်၍ အမျိုးသမီးများ အဓိကရင်ဆိုင်ကြုံတွေ့နေရသည့် အိမ်တွင်းအိမ်ပြင်လေထု ညစ်ညမ်းများနှင့် ယင်းတို့၏ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ အမျိုးသမီးဝန်ထမ်း ၂၀ ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် ခင်းကျင်းပြသထားသည့် သုတရသ စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များကိုလည်း လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)