တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရုံးစာရေးသားနည်းသင်တန်း (၄/၂၀၂၄)ဖွင့်လှစ်

တောင်ငူ ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ တောင်ငူခရိုင်အတွင်းရှိ ပြန်ကြားနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ရုံးစာရေးသားရာ၌ ကျွမ်းကျင်စွာ ရေးသားတတ်စေရန် ရည်ရွယ်၍ နိုဝင်ဘာ(၂၈)ရက်နေ့နံနက် (၁၀) နာရီအချိန်က ရုံးစာရေးသားနည်းသင်တန်း (၄/၂၀၂၄)ကိုဖွင့်လှစ်သည်။

ရှေးဦးစွာ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သင်တန်းအား ဖွင့်လှစ်သည်။ ထို့နောက် တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက  ရုံးစာရေးသားနည်း၊ ရုံးစာရေးသားနည်းအမျိုးအစားများ၊ ရုံးစာရေးသားရာတွင် လိုက်နာရမည့်အချက်များ၊ ထားသိုပုံစနစ်၊ စာမျက်နှာနံပါတ်တပ်ခြင်း၊ နောက်ဆက်တွဲခြင်းနှင့် ပူးတွဲခြင်း တို့ကိုလည်းကောင်း၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က အစည်းအဝေးမှတ်တမ်းရေးသားခြင်းကိုလည်းကောင်း သင်ကြားပို့ချသည်။

အဆိုပါသင်တန်းကို နိုဝင်ဘာ ၂၈ ရက်နေ့မှ နိုဝင်ဘာ ၂၉ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး တောင်ငူခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှုထမ်း (၁၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ဇော်ကိုကို(ပြန်/ဆက်)