ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ အိုးထိန်းမြေဓမ္မစကူးလ် ကျောင်းသား/ကျောင်းသူများ စုပေါင်းပြီး ကျေးရွာဝန်းကျင်သန့်ရှင်းရေး စုပေါင်းအမှိုက်ကောက်

ပွင့်ဖြူ ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာဘုန်း‌တော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော အိုးထိန်းမြေဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းမှ ကျောင်းသား/ကျောင်းသူများက ယမန်နေ့က ကျေးရွာဝန်းကျင်သန့်ရှင်းသာယာလှပစေရန်အတွက် စုပေါင်းအမှိုက်ကောက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရွာသစ်ကုန်းကျေးရွာ အိုးထိန်းမြေဓမ္မစကူးလ်သင်းမှ ဆရာ၊ ဆရာမများ၏ ဦးဆောင်မှုဖြင့် ကျောင်သား/ကျောင်းသူများ ပူးပေါင်းအဖွဲ့က ကျေးရွာတွင်းလမ်းဘေး(ဝဲ၊ ယာ)တစ်လျှောက်နှင့် ကျေးရွာပတ်ဝန်းကျင်ရှိ စွန့်ပစ်ပလတ်စတစ်ကြွပ်ကြွပ်အိတ် အမှိုက်များကို ကျေးရွာသန့်ရှင်းသာယာလှပစေရန် စနစ်တကျ လိုက်လံကောက်ယူရှင်းလင်းခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာရှိ သုခကာရီပရိယတ္တိစာပေပျိုးခင်း ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် ကျေးရွာရပ်မိရပ်ဖများက ကျေးရွာရှိ ကျောင်းနေအရွယ်ကလေးများ ဗုဒ္ဓအဆုံးအမ၏ တရားတော်နှင့်အညီ ယဉ်ကျေးလိမ္မာသော လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အိုးထိန်းမြေဓမ္မစကူးလ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၁၅ ဦးတို့က ကျောင်းသား/ကျောင်းသူ ၁၀၃ ဦးကို ဗုဒ္ဓအဆုံးအမ ယဉ်ကျေးလိမ္မာစာပေများ၊ ဘုရားရှိခိုးနည်း၊ သီလယူခြင်း၊ မေတ္တာပို့သခြင်း၊ တရားထိုင်ခြင်းအစရှိသည့် ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်ခန်းစာများကို ပို့ချသင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။   

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)