တောင်ငူမြို့၌ Grade-11 နှင့် Grade-12 ဆရာ၊ ဆရာမများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဥ် (၂)  ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ငူ ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ ပင်လုံခန်းမ၌ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍  အခြေခံပညာကျောင်းများတွင် ဥပဒေပညာ သင်ကြားနိုင်ရေးအတွက် Grade-11 နှင့် Grade- 12 ဆရာ၊ ဆရာမများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဥ် (၂) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၂၈)ရက်နေ့နံနက်ပိုင်းကကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်၊ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူး ဦးမျိုးဝင်းအောင်၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာနသည် အခြေခံပညာကျောင်းများတွင် ဥပဒေပညာသင်ကြားနိုင်ရေးအတွက် Grade-11 နှင့် Grade-12 အဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် သင့်လျော်မည့် သင်တန်းညွှန်းတမ်းကို ရေးသားပြုစုပြီး ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းကာ ယခုလိုဥပဒေ အသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း Training of Trainer (TOT) ကို ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း Video Clip ကို ဖွင့်လှစ်ပြသကာ သင်တန်းအား ဖွင့်လှစ်သည်။

အဆိုပါသင်တန်းကို နိုဝင်ဘာ ၂၈ ရက်နေ့မှ ဒီဇင်ဘာ ၉ ရက်နေ့အထိ  သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊  ရာဇသတ်ကြီး၊ လောင်းကစားဥပဒေ၊ မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေတို့ကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၁၆၃) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)