ရေနံချောင်းမြို့နယ်၌ (၈၀) ကြိမ်မြောက် မြန်မာနိုင်ငံစာဆိုတော်နေ့ အခမ်းအနား ကျင်းပ

ရေနံချောင်း ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စာရေးဆရာအသင်းနှင့် စာပေချစ်သူများအဖွဲ့ ပူးပေါင်းကာ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် နတ်တော်လဆန်း ၁ ရက် ယနေ့တွင် ကျရောက်သည့် (၈၀)ကြိမ်မြောက် မြန်မာနိုင်ငံစာဆိုတော်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အလင်းစေတမန်စာကြည့်တိုက်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရေနံချောင်းမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ သဘာပတိဦးသိန်းမောင် (နွေဦးမွန်ရေနံချောင်း)က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် အတွင်းရေးမှူး ဒေါ်လှလှသန်း (မလှမွန်ရေနံ့သာ)က မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှ ပေးပို့သည့် (၈၀) ကြိမ်မြောက် မြန်မာနိုင်ငံ စာဆိုတော်နေ့ သဝဏ်လွှာကို ဖတ်ကြားသည်။

ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်း၊ စာပေချစ်သူများအဖွဲ့နှင့် မကွေးမြို့ ထနောင်းရင်ခွင် စာပေကဗျာဝိုင်းမှ စာပေချစ်သူများက မြန်မာနိုင်ငံစာဆိုတော်နေ့ ဖြစ်ပေါ်လာပုံနှင့် ခေတ်အဆက်ဆက်မှ စာဆိုရှင်ကြီးများ ရေးသာခဲ့ကြသော စာပေရေးရာအကြောင်းအရာများကို အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်နှင့်ဝန်ထမ်းများ၊ ရေနံချောင်းမြို့နယ် စာပေချစ်သူများနှင့် မကွေးမြို့ ထနောင်းရင်ခွင် စာပေကဗျာဝိုင်းမှ စာပေချစ်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)