ကြို့ပင်ကောက် ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်သူများ၏ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥနှင့် အသားများအား ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ နံနက် ၈ နာရီချိန်က မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့၌ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှဦးဆောင်၍ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများနှင့်ပူးပေါင်းကာ အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မူမရှိစေရေးအတွက် ဆန် ဆီအသားနှင့် ကြက်ဥများအား ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများက ဆီနှင့် ကြက်ဥဝယ်ယူမှုပိုများခဲ့ကြောင်း သိရသည်။
ယနေ့ရောင်းချပေးမှုတွင် ကြက်ဥ အလုံး ၁၁၀၀၊ ဆီ ပိဿာ ၅၀၊ ဆိတ်သား ၅ ပိဿာ၊ အမဲသား ၁၀ ပိဿာ၊ ကြက်သား ၁၀ ပိဿာ၊ ဝက်သား ၅ ပိဿာနှင့် ဆန် ၃ တင်းရောင်းချပေးနိုင်ခဲ့ကြောင်း ထိုသို့ရောင်းချပေးခြင်းကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ရောင်းချပေးသွားမည်ဖြစ်ကြာင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)