မင်းဘူး(စကု)မြို့နယ်တွင် ပဲကြီးသီးနှံ ၁၂၆၉၃ ဧက စိုက်ပျိုးပြီးစီး

မင်းဘူး  ဒီဇင်ဘာ  ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ်၊ ဆောင်းသီးနှံစိုက််ပျိုးရာသီတွင် ဒေသတွင်း ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ပဲကြီးသီးနှံ ဧက (၁၂၆၉၁) ဧက လျာထားကာ (၁၂၆၉၃) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပဲကြီးသီးနှံ စိုက်ပျိုးရာတွင် တစ်မြို့နယ်လုံး (၁၂၆၉၃) ဧက စိုက်ပျိုးထားပြီး လျာထားချက်ကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများကို စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆောင်းသီးနှံစိုက်ပျိုးသည့် အချိန်တွင်လည်း ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်အတွက်  ပဲကြီးသီးနှံအပြင် အခြားပဲအမျိုးမျိုးကိုလည်း စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

 ကျွန်တော်တို့ သီးနှံစိုက်ပျိုးတဲ့အခါ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြပြီး၊ (၁) ဧကလျှင် မျိုး(၆) ပြည်ခန့်ကုန်ကျပါတယ်။ တော်လလင်း သီတင်းကျွတ်လများတွင် စတင်စိုက်ပျိုး၍ (၅) လခွဲ၊ (၆)လအကြာတွင် ခူးဆွတ်နိုင်ကြပါတယ်။ (၁) ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခ၊ လုပ်အားခအပါအဝင် ကျပ် (၁၀၀,၀၀၀) ခန့်ကုန်ကျကာ မြေအစိုဓာတ်ရှိပြီး မြေကောင်းသည့် မြေနုကျွန်းနှင့် ယာမြေများတွင် အထွက်နှုန်းကောင်းကာ (၁) ဧကလျှင် အထွက်နှုန်းမှာ (၁၅) တင်းမှ (၂၆) တင်းထိထွက်ရှိပြီး (၁) တင်းဈေးနှုန်းမှာ ကျပ် ၁၁၀,၀၀၀ မှ ၁၃၀,၀၀၀ အထိ ဈေး ရရှိကြကာ ယခုနှစ်တွင်လည်း ယခင်နှစ်များအတိုင်း ထွက်ရှိမည် ဟု ခန့်မှန်းထားကြကြောင်း ဇရပ်ကြီးကျေးရွာနေ ပဲကြီးစိုက်တောင်သူ ဦးဇော်လင်းထံမှ သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)