မြို့သစ်မြို့ဒေသထွက် ခရမ်းချဉ်သီးစျေးကောင်းရရှိ၍ စိုက်ပျိုးရောင်းချသူများ အဆင်ပြေ

မြို့သစ် ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက်ကာလတို/ကာလရှည်သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန် ခရမ်းချဉ်သီး ဈေးနှုန်းများ တစ်ပိဿာ(၆,၀၀၀)ကျပ် စျေးရောင်းချရကြောင်း သိရသည်။

ခရမ်းချဉ်သီးနှံသည် ပျိုးထောင်သည့်အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပြီး စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများအသုံးပြုရကြောင်း ခရမ်းချဉ်စိုက်ပျိုးသူထံက သိရသည်။

ခရမ်းချဉ်မျိုး(၂)ထုပ် စိုက်ပျိုးပါက ငွေကျပ်ငါးသိန်းခွဲ၊ ခြောက်သိန်းဝန်းကျင်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ရက်ငါးဆယ်ဝန်းကျင်တွင် အသီးများစတင်ခူး ဆွတ်ရောင်းချရကြောင်း၊ အသီးစတင်ခူးဆွတ်ချိန်တွင် တစ်ပိဿာ (၄,၀၀၀)ကျပ်ရောင်းချရသော်လည်း အသီးလှိုင်ချိန်တွင် တစ်ပိဿာ(၆,၀၀၀) ကျပ် စျေးရရှိကြောင်း၊ (၂)ရက်ခြားတစ်ကြိမ်ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါးဝင်ငွေရရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

မြို့သစ်မြို့နယ်တွင် စီးပွားဖြစ်ခရမ်းချဉ်သီးစိုက်ပျိုး သူများအနေဖြင့် ဗမာခရမ်းချဥ်သီးနှင့် ထိုင်ဝမ်ခရမ်းချဉ်မျိုးများကို နေရာခွဲကာစိုက် ပျိုးကြကြောင်းနှင့် ခရမ်းချဉ်များသည် အခွံထူအထားခံမျိုးဖြစ်သောကြောင့်စို က်ပျိုးမည်ဆိုပါက ဦးစွာသဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားမှသာ အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်းကောင်းမွန်ပြီးအဆင်ပြေကြောင်း ခရမ်းချဥ်စိုက်ပျိုးရောင်းချသူ တစ်ဦးထံက သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)