ဖျာပုံမြို့ မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေး လက်တွေ့သရုပ်ပြ လေ့ကျင့်

ဖျာပုံ ဒီဇင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတွင် မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေး မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ်ပိုင်းအချိန်က စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေး လက်တွေ့သရုပ်ပြလေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေး လက်တွေ့သရုပ်ပြ လေ့ကျင့်ရာတွင် ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတိုးမြင့်အောင်နှင့် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသီဟန်ထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင်ဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့မစျေးကြီးမှ စျေးတာဝန်ခံများနှင့် စျေးသူစျေးသားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးတွင် မီးလောင်မှုကို အောက်ဆီဂျင်ဖြတ်တောက်မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ဆေးဘူး အသုံးပြု၍ မီး​ငြှိမ်းသတ်နည်းစသော မီးငြှိမ်းသတ်နည်းအမျိုးမျိုးကို လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြပြီး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား စျေးသူစျေးသားများသို့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)