တမူးမြို့တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

တမူး၊ နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာအား တမူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ(ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး)ဦးသိုက်ထွန်းမှ ဖတ်ကြားခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးအခြေခံပညာအဆင့် တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်တို့တွင် ဆုရရှိကြသူများအား ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ကလေး)မှ ဒုတိယဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ညီညီတင်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းသီဆို၍ အခမ်းအနားပြီးစီးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)မှ ဒုတိယဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးညီညီတင်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၃၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရတနာ