လက်ပံတန်းမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား ကျင်းပ

လက်ပံတန်း နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်အတွက် အခြေခံပညာကျောင်းများကို အခြေခံ၍ကျင်းပသည့် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၁) လက်ပံတန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး‌ ဒေါ်ကြင်ကြင်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးမြင့်သူ၊ ခရိုင်ပညာရေးမှူး ဦးဇော်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပရခြင်းရည်ရွယ်ချက်များကို ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များက လက်ပံတန်းမြို့နယ် အခြေခံပညာကျောင်းများအတွက် လှူဒါန်းသည့် စာအုပ်စာ‌စောင်များကို မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဦးထံလည်းကောင်း၊ စာပေဟောပြော‌ပေးသည့် စာရေးဆရာများနှင့် ဖျော်ဖြေတင်ဆက်သည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီး ပေးအပ်ခဲ့သည်။

ထို့နောက် လူမှုရေးရာဝန်ကြီး၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများက ကျောင်းသား/ သူများ၏ စာပေဆိုင်ရာပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲဂိမ်းပြိုင်ပွဲ၊ ကလေးစာဖတ်ခန်း၊ နံရံကပ်စာစောင်ဓာတ်ပုံစာအုပ်ပြခန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့၏ ပြခန်းများ၊ သင်ထောက်ကူပြခန်း၊ ပန်းချီပြခန်း၊ စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေးပြခန်းနှင့် စာအုပ်အရောင်းဆိုင်များ၊ စတုဒီသာကျွေးမွေးခြင်းတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ် ကျင်းပပြုလုပ်ခဲ့ရာ  စာရေးဆရာမကြီး ဝတ်ရည်ခင်(ပဲခူး)က စာပေလေ့လာဖတ်ရှု့ခြင်းမှ ရရှိသည့် အကျိုးကျေးဇူးများ၊ စာရေးဆရာမိုးသဲအောင်(ပန်းမြေ)မှ လူငယ်နှင့် စာပေ၊ စာရေးဆရာမြင့်သိန်း (ရွှေတောင်ချည်၊ထည်၊ချော) မှ စာဖတ်ခြင်းနှင့် လူတော်လူကောင်း ခေါင်းစဉ်များဖြင့် ဟောပြောခြင်း၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ သူလေးများက ကပြဖျော်ဖြေတင်ဆက်ခြင်း၊ ဆုရရှိသည့် ကျောင်းသား/ သူလေးများကို  တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီအေးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါပွဲတော်ကို မြို့နယ်အတွင်းရှိ အခြခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/သူ အင်အား (၂၅၀၀) ဦးခန့် ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)