မကွေး နိုဝင်ဘာ ၂၃
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(မင်းလှ)၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါဝင်ကူညီခဲ့သည့် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ရေသန့်ဘူးနှင့် စားသောက်ဖွယ်ရာများ ဝေငှပေးခဲ့ပြီး ကျောင်းအတွင်း ခင်းကျင်းပြသထားသည့် ဂိမ်းကစားပြိုင်ပွဲများ၊ ကျောင်းစာကြည့်တိုက်၊ စာအုပ်အရောင်းဆိုင်များ၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်းနှင့် ဌာနဆိုင်ရာပြခန်း များအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို အဆိုပါကျောင်းရှိ မင်းလက်ဝါးခန်းမ၌ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” Video Clip အား ပြသခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ဗလငါးတန်ပြည့်စုံစေရေး အသိပညာ၊ အတက်ပညာ မြင့်မားတိုးတက်စေရေး၊ စာပေကို အလေးထား တန်ဖိုးထားပြီး အမှား၊ အမှန် ဝေဖန်ပိုင်းခြားတက်စေရေး၊ စာကြည့်တိုက်များနှင့် ယဉ်ပါးလာပြီး စာဖတ်ခြင်း၊ ဗဟုသုတရှာဖွေခြင်း စသည့် အလေ့အထတွင် ပျော်မွေ့လာစေရန်ရည်ရွယ်၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ယခုကဲ့သို့ပွဲတော်များ ကျင်းပခြင်း ဖြစ်ကြောင်း၊ “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးခြင်းနှင့်အတူ ကျောင်းစည်းကမ်းလိုက်နာခြင်းမှ အစပြု၍ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာတက်သည့် နိုင်ငံကြီးသား အလေ့အကျင့်ကောင်းများ ကိန်းအောင်းလာအောင် လေ့ကျင့်ပျိုးထောင်ပေးကြဖို့ လိုအပ်ပါကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အသိပညာဗဟုသုတရှာမှီးနိုင်ရန် ကျောင်းစာကြည့်တိုက်များ၊ ရပ်ရွာစာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ယခုလို အလေးထား ဆောင်ရွက်ပေးနေတာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” သီချင်းဖြင့်လည်းကောင်း၊ “ဗိုလ်ရှုသဘင်” သီချင်းဖြင့် လည်းကောင်း၊ “လှမ်းခဲ့ပါအဆွေ ဖန်ခါးမြေ သီချင်းဖြင့်လည်းကောင်း၊ “ထာဝရသစ္စာ” သီချင်းဖြင့်လည်းကောင်း အသီးသီး သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ကျပန်းစကားပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမဆု ရရှိသူများက ပြန်လည်သရုပ်ပြသခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စာပေဟောပြောပွဲတွင် ပါဝင်ကူညီခဲ့သည့် စာရေးဆရာ မြတ်ဇင်အား အမှတ်တရလက်ဆောင်ပေးအပ်ကာ မင်းလှမြို့၊ အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်အတွက် သုတ၊ရသစာအုပ်စာစောင်များကို ကျောင်းအုပ် ဆရာမကြီးထံ ပေးအပ်လှူဒါန်း၍ သီဆိုဖျော်ဖြေခဲ့သည့် ကျောင်းသား ၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်၍ စာပေဆိုင်ရာပြိုင်ပွဲများဖြစ်သည့် စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာပေဆိုင်ရာပြိုင်ပွဲများအဖြစ် အထက်တန်းအဆင့် စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာပေဟောပြောပွဲနှင့် စာဖတ်ဝိုင်းများအပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသသည့် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်းနှင့် ဌာနဆိုင်ရာပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ဂိမ်းကစား ပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)