ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာ(အ.ထ.က)ခွဲကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ပွင့်ဖြူ နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီခွဲက အဆိုပါ ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ဝင်းက အဖွင့်အမှားစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်က အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး အင်းဒေါင်းကျေးရွာ(အ.ထ.က)ခွဲကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ်ခြင်း ၊ လူငယ်နှင့်ကျန်းမာရေး ၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ယဉ်ကျေးမှု စသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပေးမှုအပေါ် လက်ထောက်ကျောင်းအုပ် ဆရာကြီး ဦးဆန်းဝင်းက ကျေးဇူးတင်စကားပြောကြားသည်။

လူငယ်စကားဝိုင်း ဆွေးနွေးပွဲအပြီးတွင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အင်းဒေါင်းကျေးရွာ(အ.ထ.က)ခွဲကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို စာအုပ်စာစောင်ပြပွဲနှင့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ ပါဝင်သော အသိပညာပေး နံရံကပ်စာစောင်များကို ဗဟုသုတများ ရရှိစေရန် ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)