တမူးမြို့တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးမျိုးစေ့၊ ပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

တမူး နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးမျိုးစေ့၊ ပျိုးပင်များထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၁၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တမူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကျော်မိုးက အမှာစကားပြောကြားပြီး တမူးခရိုင်စိုက်ပျိုးရေးဦးစီးမှူးဦးလှမြင့်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသိန်းတို့က စိုက်ပျိုးရေးမျိုးစေ့၊ ပျိုးပင်များ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာကြသည့် တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ နေကြာ၊ ပိုက်ဆံလျှော်မျိုးစေ့များနှင့် စိန်တလုံးသရက်၊ မျောက်ငို၊ ကွမ်းသီး၊ သံပုရာ၊ ကင်မွန်းချဉ်နှင့်ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ နေကြာပန်းတိုင်အထွက်နှုန်းတိုးတက်ရေးအတွက် ဟောပြောပွဲပြုလုပ်ရာ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်မြမြစိုးနှင့်ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်မိုးမိုးတို့က နေကြာသီးနှံပန်းတိုင်အထွက်နှုန်းတစ်ဧကတင်း(၅၀)ရရှိရေး စိုက်ပျိုးနည်းစနစ်များနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲရေး၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊‌ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများတက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသိန်းမှ သံပုရာ၊ သရက်ကိုင်းကူးနည်း၊ ကိုင်းဆက်နည်းများကို လက်တွေ့ပြသပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရတနာ