ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

တာမွေ နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ကြီးမှူးကျင်းပသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲ အမှတ်စဉ်(၂၀/၂၀၂၄)ကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ YRTC ရုံးချုပ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုနှင့်ကော်မတီဝင်များ၊ ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဆွေးနွေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက အဖွင့်အမှာစကားပြောကြားရာတွင် YBS ခရီးသည် ၁.၅ သန်းခန့်ကို ယာဉ်မောင်း ၄၀၀၀ ဦးခန့်က နေ့စဉ်ပို့ဆောင်ပေးနေပြီး “ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုကောင်းသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်” ဖြစ်ထွန်းလာဖို့ အဓိကမောင်းနှင်အားမှာ YBS ယာဉ်မောင်းများဖြစ်ပါ‌ကြောင်း၊ ခရီးသည်များပေးချေသည့် ယာဉ်စီးခမှ ယာဉ်မောင်းလုပ်ခလစာများပေးဆောင်နေကြခြင်းဖြစ်ရာ ထမင်းရှင်ခရီးသည်များကို ဝန်‌ဆောင်မှုကောင်းကောင်းဖြင့် ဘေးအန္တရာယ်ကင်းစွာလိုရာခရီးသို့ရောက်အောင် ပို့ဆောင်ပေးရန်မှာ ယာဉ်မောင်းကြီးများ၌ များစွာတာဝန်ရှိသဖြင့် တာဝန်ကျေပွန်စွာ ပို့ဆောင်‌ပေးကြရမည်ဖြစ်ကြောင်း၊ သေဆုံးမှု၊ ဒဏ်ရာရမှုများကျဆင်းရေး၊ ယာဉ်မောင်းများ စနစ်တကျဖြစ်စေရေး၊ ယာဉ်စည်းကမ်းကို သုံးကြိမ်အထက်အကြိမ်ကြိမ်ဖောက်ဖျက် ကျူးလွန်နေသည့် YBS ယာဉ်မောင်းများအား  မူးယစ်ဆေးဝါးသုံးစွဲ၍ မောင်းနှင်နေခြင်းများမရှိစေ‌ရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏မဆင်မခြင်မောင်းနှင်မှုကြောင့် YRTC မှ ယာဉ်မောင်း Smart Card ဖျက်သိမ်းခြင်းအပြင် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း စေရေးကောင်စီမှ ကညန ယာဉ်မောင်းလိုင်စင်ကိုပါ အချိန်ကာလတစ်ခုသတ်မှတ်၍ ပိတ်သိမ်းအရေးယူရန် ဆုံးဖြတ်ထားပြီးဖြစ်ပါကြောင်း၊ YBS ယာဉ်မောင်းနှင်ခွင့် လျှောက်ထားရာတွင် ယာဉ်ကြီးမောင်းသင်တန်း တက်ရောက်ပြီးသူများလည်း မူးယစ်ဆေးဝါးကင်းစင်ကြောင်း စစ်ဆေးမှုအောင်မြင်ပြီးမှသာ မောင်းနှင်ခွင့်ပြုကြောင်း၊ YRTC က စောင့်ကြပ်အ‌ရေးယူရာတွင် Traffic Control Center မှ နည်းပညာမြင့် Telematics စက်များ၊ CCTV record များဖြင့် မှတ်တမ်းရယူ၍ အရေးယူခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိ/မရှိတို့ကို စစ်ဆေးပြီး သက်သေခိုင်လုံစွာဖြင့် စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း၊ YRTC ၏ အဓိကရည်မှန်းချက်ကြီးဖြစ်သော “Safe Public Transportation to All” “ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုကောင်းသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်” ဖြစ်ထွန်းလာဖို့ YRTCနှင့် အတူ ယာဉ်မောင်းကြီးများက ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ” စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ယာဉ်မောင်းများ သိသင့်သိထိုက်သည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာဆွေးနွေးချက်များ၊ တာဝန်ယူမှုတာဝန်ခံမှုရှိသည့် ယာဉ်မောင်းတစ်ယောက်ဖြစ်ရေး လုပ်ဆောင်ရန်အချက်များကိုလည်းကောင်း၊ YRTC ၏ တရားလွှတ်တော်ရှေ့နေ ဒေါ်ယဉ်မြင့်နွယ်က ဥပဒေ၊ နည်းဥပဒေများကိုသိရှိနားလည်၍ လေးစားလိုက်နာသည့် ယာဉ်မောင်းကောင်းတစ်ဦးဖြစ်ရန် အချက်များကိုလည်းကောင်း၊ အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်တိုင်းဒေသကြီး)မှ တာဝန်ရှိသူကလည်း ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားရသည့်အကြောင်းအရင်းများနှင့် ရာဇသတ်ကြီးပုဒ်မများကိုလည်းကောင်း၊ YRTC စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးဌာနမှူး ဦးဝင်းနိုင်က ယာဉ်စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းများအား ယာဉ်စည်းကမ်းဆိုင်ရာ လိုက်နာရမည့်အချက်များ၊ YBSယာဉ်မောင်းများ အများဆုံး စည်းကမ်းဖောက်လေ့ရှိသည့် ပြစ်မှုများအပေါ်သုံးသပ်၍ လိုက်နာသင့်သည့်အချက်များ၊ ယာဉ်မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ပြစ်မှုပြစ်ဒဏ် (၁၃၈) ချက်ပါ ပြစ်ဒဏ်များအား အသီးသီးရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး တက်ရောက်လာကြသည့် ယာဉ်မောင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ မေးခွန်းများဖြေဆိုစေခြင်းယာဉ်မောင်းများနှင့် အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)