မက်မန်း နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိ ဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ မက်မန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်စကားဝိုင်းတွင် မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်အိအိအောင်က အဖွင့်အမှာစကားပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး Grade 11 မှ ကျောင်းသား၊ ကျောင်းသူလေးများဖြစ်သည့် ကိုရင်လေး အရှင်လာဘစာမိက လူငယ်နှင့်စာအုပ်စာပေ၊ ကျောင်းသူ မနာဟောဘို၊ မယားမီးရှဲ၊ မမိုးပြည့်ပြည့်အောင်တို့က လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် ခေါင်းဆောင်မှုခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်/ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။