ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသား (၃)ဦးအား နွေးထွေးစွာ ပြန်လည်ကြိုဆိုလက်ခံ

မြဝတီ နိုဝင်ဘာ ၁၄

ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေးဝန်ကြီးဌာနလက်အောက်ရှိ Chiang Rai တွင် လက်ခံစောင့်ရှောက်ထားသူများအနက် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်အတည်ပြုချက်ရရှိပြီး လူကုန်ကူးခံရသူ အမျိုးသားသုံးဦးတို့အား မဲဆောက်မြို့၊ တပ်(ခ်)ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာသို့  လွှဲပြောင်းပေးအပ်သည်။

ထို့သို့ လွှဲပြောင်းပေးအပ်ရာတွင် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေးဝန်ကြီးဌာနမှ Miss. Jiraporn Khumput ဦးဆောင်သော သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ အဆိုပါအမျိုးသားသုံးဦးတို့အား မြဝတီခရိုင် ပြန်လည်ထူထောင်ရေးဦးစီးဌာန (ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်နွယ်ရီ၊ အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မြဝတီ)မှ ဒုတိယရဲမှူး သက်ဇော်ထွန်း၊  လူဝင်မှုကြီးကြပ်ရေးဒုတိယဌာနခွဲ(မြဝတီ)မှ လဝကမှူး ဦးရာဇာသက်တို့က လွှဲပြောင်းပေးအပ်မှုကို စနစ်တကျ လက်ခံဆောင်ရွက်သည်။

ယင်းသို့ လွှဲပြောင်းလက်ခံထားသည့် အမျိုးသားသုံးဦးတို့အား ဌာနဆိုင်ရာ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုအားပေးစကား ပြောကြားပေးပြီး ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာတွင် ခေတ္တစောင့်ရှောက်ထားရှိကာ ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)