တာချီလိတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲကျင်းပ

တာချီလိတ် နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီခွဲက တာချီလိတ်မြို့နယ်၊ ဝမ်ပုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းမြေ့စိုးက မီးခိုးမြူငွေ့ဖြစ်ပေါ်သည့် အဓိကအကြောင်းရင်းများ၊ မီးခိုးမြူငွေ့များတွင် ပါဝင်သော လေထုညစ်ညမ်းစေသည့်အရာများ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်း၍ ဖြစ်ပွားစေနိုင်သော ဆိုးကျိုးများနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျော့ချရေးလုပ်ငန်းစဉ်များကို အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးနှင့်ပတ်သက်သည့် မေးခွန်းများအား ပြန်လည်မေးမြန်းကာ ဖြေဆိုနိုင်သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် လေထုထဲတွင်ပါဝင်သော PM 2.5 အကြောင်း အသိပညာပေးဗီဒီယိုကိုပြသပြီး ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှု အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)