ရေကြီးနစ်မြုပ်ပျက်စီးလယ်မြေများတွင် ဆောင်းဆီထွက်သီးနှံမြေပဲများ ပြန်လည်အစားထိုးစိုက်ပျိုး

ဘားအံ နိုဝင်ဘာ ၁၃

ကရင်ပြည်နယ်အတွင်း ယခုနှစ်တွင် နှစ်ကြိမ်တိုင်တိုင်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး မုန်တိုင်းရာဂီ၏သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းတို့၏အရှိန်ကြောင့် မိုးစပါးဧက ၃၅၃၉၁ ဧက ရေနစ်မြုပ်ခဲ့ပြီး ၃၁၂၉၆ ဧက ထိခိုက်၍ ၁၄၄၆၁ ဧက ဒုတိယအကြိမ် ထပ်မံပျက်စီးခဲ့ရကာ မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသည့်လယ်မြေများတွင် ဆောင်းဆီထွက်သီးနှံမြေပဲများ ပြန်လည်အစားထိုးစိုက်ပျိုးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကော့ကျိုက်ကျေးရွာ၊ ကွင်းအမှတ်(၁၂၀၉)ကော့ကျိုက်ကွင်း၌ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများနှင့် ဒေသခံတောင်သူများပူးပေါင်း၍ ဆောင်းဆီထွက်သီးနှံမြေပဲအစေ့ချစိုက်ပျိုးနေမှု၊ ပေါင်းလိုက်စက်ဖြင့်ပေါင်းမြက်များ ရှင်းလင်းနေမှုများကိုကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးမိုးစပါး ၁၄၄၆၁ ဧကအနက် ၈၉၈၆ ဧကသာမိုးစပါး ပြန်လည်စိုက်ပျိုးနိုင်ပြီး ကျန်ရှိသည့်ဧကများအား အခြားသီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုတ်၊ဘိုကိတ်၊ ပဲဖြူလေးတို့ကို ပြန်လည်စိုက်ပျိုးထားရှိကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကမော့ကစင်အနောက်ကွင်း၊ ကွင်းအမှတ်(၁၁၈၇)ရှိ တရုတ်လှလျှပ်စစ်မြစ်ရေတင်၏ အကျိုးပြုဧရိယာတွင်ပါဝင်သော အကျဉ်းဦးစီးဌာနမှနွေစပါး ဧက(၃၀)စိုက်ပျိုးရန် ပျိုးဖျာလိပ်စနစ်ဖြင့်ပျိုးထောင်ထားရှိမှု၊ ကူဘိုတာခြောက်တန်းသွားကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုတို့ကိုကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပေသော (၂၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပဒေသာပင်လှည့်လည်ပွဲကို ယနေ့ နံနက် ၈ နာရီက ဘားအံမြို့၊ သီရိကွင်းမှစတင်၍ ဘားအံမြို့တွင်းလှည့်လည်ကာ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပမည့် ဇွဲကပင်ခန်းမသို့ လှည့်လည်ပို့ဆောင်ခဲ့ကြသည်။

ပဒေသာပင်လှည့်လည်ပွဲတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ်ရပ်ကွက်များမှ စုပေါင်းလှူဒါန်းသော ဘုံကထိန်ပဒေသာပင် ၇၉ ပင်၊ ကထိန်လျာသင်္ကန်း၊ သင်္ကန်းပရိက္ခရာများ၊ လှူဖွယ်ဝတ္တုပစ္စည်းများအား မော်တော်ယာဉ်များပေါ်တင်ဆောင်၍ အိုးစည်ဒိုးပတ်အတီးအမှုတ်အကအခုန်များဖြင့် ဘားအံမြို့ သီရိကွင်းမှသီရိလမ်း၊ ကမော့ကစင်(ရွာသစ်)လမ်း၊ ကြာအင်းလမ်း၊ အဓိပတိလမ်း၊ ဗိုလ်ချုပ်လမ်း၊  ဘာအံ-ကော့ကရိတ်လမ်း၊ လှိုင်းပုံလမ်း၊ လှာကမြင်-နောင်ပလိန်လမ်း၊ ဘားအံ-လှိုင်းဘွဲလမ်း၊ ဗိုလ်ချုပ်လမ်း၊ မင်းတန်းလမ်း၊ ကမ်းနားလမ်း၊ သရဖီလမ်းတို့မှတစ်ဆင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းမည့် ဇွဲကပင်ခန်းမသို့ လှည့်လည်ပို့ဆောင်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါလှည့်လည်ပွဲသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများအကြီးအကဲများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်းနှင့် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)