စမ်းချောင်းမြို့နယ်၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

စမ်းချောင်း နိုဝင်ဘာ ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီတွင် စမ်းချောင်းမြို့နယ် အမှတ် (၄)  အခြေခံပညာအထက်တန်းကျောင်း တော်၀င်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ချိုသစ်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်း‌ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက ဆောင်ရွက်၍ ကျောင်းသား၊ ကျောင်းသူ (၆) ဦးက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊  လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ‌၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်တို့ ဖြင့်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ  ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို  စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)