တာချီလိတ်မြို့၌ မီးခိုး/မြူငွေ့လျော့ကျရေး၊ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှု လျော့ကျရေးအတွက် သစ်တောများ၏ အခန်းကဏ္ဍ အသိပညာပေး ဟောပြောပွဲကျင်းပ

တာချီလိတ် နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုး/မြူငွေ့လျော့ကျရေး၊ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှု လျော့ကျရေးအတွက် သစ်တောများ၏ အခန်းကဏ္ဍ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ရန်အောင်မြေ)တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တာချီလိတ်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်ထွန်း-၃က နယ်စပ်ဖြတ်ကျော် မီးခိုး/မြူငွေ့လျော့ကျရေး အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ သစ်တောဦးစီးဌာန၊ တာချီလိတ်မြို့နယ်၊ ဦးစီးအရာရှိ၊ ဦးရန်လင်းမောင်မောင်ဦးက သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့် ရာသီဥတုပြောင်းလဲမှု လျော့ကျရေးအတွက် သစ်တောများ၏ အခန်းကဏ္ဍ အသိပညာပေး အကြောင်းအရာများကိုလည်း‌ကောင်း အသီးသီးဟောပြောခဲ့သည်။

ထို့နောက် တာချီလိတ်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်ထွန်း-၃က ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ် (၁၂၀) အုပ်အား လှူဒါန်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံယူခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တာချီလိတ်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်ထွန်း-၃ နှင့် သစ်တောဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း(ပြန်/ဆက်)