ပဲခူး နိုဝင်ဘာ ၁၂
ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ နိုဝင်ဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (စုဒ္ဒသမအကြိမ်) စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဧည့်ပရိသတ်များက နိုင်ငံတော်ဩဝါဒါစရိယ ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာမဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်/သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျာယ် ချီးမြှင့်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြရာ ပဲခူးမြို့၊ ကြခတ်ဝိုင်းစာသင်တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥေယျဓမ္မာဘိဝံသ မထေရ်မြတ်ထံမှ ကထိန်အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြသည်။
ယင်းနောက် အခမ်းအနားမှူးက မဲကျရာ ပဒေသာပင်များအား ဖတ်ကြားလျှောက်ထားခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကာ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်ဇနီးတို့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (စုဒ္ဒသမအကြိမ်) စုပေါင်း မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းအောင်ပွဲ အထိမ်းအမှတ်ဖြင့် ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးကာ ဘုရားအမှူးပြုသော ဆရာတော်/သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (စုဒ္ဒသမအကြိမ်) စုပေါင်းမဟာ ဘုံကထိန်အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများ စုပေါင်း၍ နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုနှင့် ပစ္စည်းတန်ဖိုး စုစုပေါင်း (၉၄၅၁၃၅၀၅)ကျပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)