တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

တာမွေ နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က “တာမွေမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာတွေအနေနဲ့ သက်ဆိုင်ရာကဏ္ဍများအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ လိုအပ်ချက်တွေ၊ အခက်အခဲတွေရှိရင် အခုပြုလုပ်သည့်ဆွေးနွေးပွဲမှာ ပွင့်ပွင့်လင်းလင်းတင်ပြကြဖို့အတွက် ပထမဦးစွာပြောကြားလိုပါကြောင်း၊ ထိုကဲ့သို့တင်ပြမှသာ မိမိတို့အနေနဲ့ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှာဖြစ်ပါကြောင်း၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ အဂတိတရားကင်းရှင်းစွာ နေထိုင်ကြဖို့ များစွာလိုအပ်ပါကြောင်း၊ မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး ပပျောက်စေရေးအတွက်လည်း ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာဌာန/ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ ပြောကြားလိုပါကြောင်း၊ မိမိတို့ ရုံးဌာနများသာမက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာများ အတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေးအတွက်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ မိမိတို့ရုံးဌာနများ လုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် ကဏ္ဍအလိုက် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်တဲ့နေရာမှာ ဒေသခံပြည်သူများအတွက် အကျိုးရှိပြီးထိရောက်မှုရှိတဲ့လုပ်ငန်းများဖြစ်ဖို့ အဓိကထားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း” စသည်ဖြင့် ပြောကြားခဲ့ပြီး တက်ရောက်လာကြသော တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အစည်းအဝေးသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)