ငါန်းဇွန် နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ ကလေးအလုပ်သမား ပပျောက် ရေးအသိပညာပေး ဆွေးနွေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက နယ်ချဲ့ အစိုးရ၏ ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်၍ သခင်ပညာရေး၊ အမျိုးသားပညာရေးကို တောင်းဆိုဖော်ပြ သော တိုက်ပွဲဖြစ်၍ မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါသော လှုပ်ရှားမှုဖြစ်ကြောင်း၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံကို ကျောင်းသားကျောင်းသူများအား ရှင်းလင်း ဆွေးနွေးဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက “စားသုံးသူရေးရာ အသိပညာပေး”ခေါင်းစဉ်ဖြင့် အစားအသောက်များ ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန်၊ စားသုံးသူအခွင့် အရေးဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့် တားမြစ်ချက်များ၊ ကုန် ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်မှုရှိမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်းကို ရှင်းလင်းဆွေးနွေးဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ရုပ်သံကျွမ်းကျင်(၃) ဦးကိုကိုနိုင်က “ကလေးအလုပ်သမားပပျောက်ရေး” ခေါင်းစဉ်ဖြင့် ကလေးသူငယ်နှင့် ကလေးအလုပ်သမား တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးလုပ်သား ဖြစ်ရခြင်းအကြောင်းအရင်းများ၊ ကမ္ဘာပေါ်နှင့် မြန်မာနိုင်ငံတွင် ကလေးလုပ်သားပေါင်း မည်မျှရှိကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးများကို ခိုင်းစေခြင်းများ အကြောင်း၊ ကလေးလုပ်သားပပျောက်ရန် လုပ်ဆောင်နေမှုများ စသည့်အကြောင်းအရာများကို ကျောင်းသား/သူများ အား ရှင်းလင်းဆွေးနွေးဟောပြောသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး၊ နံရံကပ်စာစောင်များပြသခြင်းနှင့် သုတရသစာအုပ် စာစောင်များခင်းကျင်းပြသခြင်း ဆောင်ရွက်ပေးရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
သက်နောင်ဦး(ပြန်/ဆက်)