ထားဝယ်မြို့တွင် "မီးခိုးမြူငွေ့လျှော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး" ဟောပြောပွဲ ကျင်းပ

ထားဝယ် နိုဝင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ "မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စုဝေးခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွင်ကိုဦးက မီးခိုးမြူငွေ့ဖြစ်ပေါ်လာသည့် အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့် နည်းလမ်းများအား အသိပညာပေး ဟောပြောသည်။

ထို့နောက် မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ရာသီဥတု ပြောင်းလဲလာခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်း၊  သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဖြင့် ရာသီဥတု ကောင်းမွန်လာစေခြင်း စသည့် အကြောင်းအရာများအားလည်းကောင်း၊ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနိုင်လင်းအောင်က သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာမှု၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်သည့် အကြောင်းအရင်းများနှင့် သစ်တောသစ်ပင်များသည် အရေးကြီးသည့် ကဏ္ဍတွင် ပါဝင်နေမှုတို့အားလည်းကောင်း အသိပညာပေး ဟောပြောသည်။

ဟောပြောပွဲသို့ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများ၊ ကျောင်းသား/သူ(၁၁၈)ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။

ငွေဇင်ယော်(ထားဝယ်)