တောင်ကြီး နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အမျိုးသားသင်ရိုးညွှန်းတမ်း၊ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းတို့ဖြင့် သင်ကြားသော ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းများနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွှဲ (၂) နာရီက တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် ကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အမှာစကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်ခွင့်ရရှိထားသည့် ကျောင်းအားလုံးသည် နိုင်ငံတော်အလံလွှင့်ထူပြီး မနက်တိုင်း နိုင်ငံတော်အလံကို အလေးပြုကြရမှာဖြစ်သကဲ့သို့ နိုင်ငံတော်သီချင်းကို ကလေးများနှင့်အတူ ဆရာ၊ ဆရာမများကိုယ်တိုင် သီဆိုကြရမည်ဖြစ်ကြောင်း၊ National school ဖြစ်ဖြစ်၊ International school ဖြစ်ဖြစ် မြန်မာစာ၊ မြန်မာ့ပထဝီဝင်၊ မြန်မာ့သမိုင်းဘာသာရပ်များကို အခြေခံပညာကျောင်းတွင် ပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်းတမ်းများအတိုင်း မပျက်မကွက် သင်ကြားပေးရန် အလေးအနက်တိုက်တွန်းပါကြောင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဝင်းသန့်ရှင်းသာယာလှပရေးအတွက် ကျောင်းနှင့်တူအောင် ဆောင်ရွက်ထားရှိရန် မှာကြားလိုပါကြောင်း၊ ကိုယ်ပိုင်ကျောင်းများအားလုံးသည် ကျန်းမာရေး၊ အားကစား၊၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ကဏ္ဍအသီးသီးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများလည်း မိမိကျောင်းတွင် နိုင်ငံတော်အလံကို အလေးပြုရန်၊ နိုင်ငံတော်သီချင်းသီဆိုရန် ကလေးများ စာရိတ္တကောင်းမွန်စေရန်၊ တိုင်းပြည်ကို ချစ်မြတ်နိုးတတ်စေရန် ပူးပေါင်းဆောင်ရွက်တတ်စေရန် နှင့် ယဉ်ကျေးသိမ်မွေ့သည့် ကျောင်းသား/ကျောင်းသူများ ဖြစ်စေရန် သင်ကြားပေးရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်မင်းစုနှင့် ပြည်နယ်မီးသတ်ဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က ကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ၏ သင်ကြားသော သင်ရိုးညွှန်းတမ်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြပြီး ကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကကျောင်းများမှ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)