ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထားသည့် ဆောင်းနှမ်းများအသီးသီးနှုန်းကောင်းမွန်ကာ အထွက်နှုန်းကောင်းရန် တောင်သူများမျှော်လင့်

ညောင်ဦး နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ကြဲပက်စိုက်ပျိုးထားသည့် ဆောင်းနှမ်းများ အသီးသီးနှုန်းကောင်းမွန်ခြင်းနှင့်အတူ အပွင့်များသိမ်းချိန် မိုးရွာသွန်းမှုကြောင့် ဆောင်းနှမ်းများ အထွက်နှုန်းကောင်းရန် သေချာသလောက်ရှိနေပြီဖြစ်ကြောင်း ဆောင်းနှမ်းစိုက်ပျိုးတောင်သူများထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် ဆောင်းနှမ်းများ ကြဲပက်စိုက်ပျိုးခြင်းကို ဩဂုတ်လ၊ စက်တင်ဘာလတို့တွင် ကြဲပက်စိုက်ပျိုးခဲ့ကြောင်း၊ ဆောင်းနှမ်းဟုခေါ်ဆိုသော်လည်း မိုးနှမ်းမျိုးစေ့များကို ကြဲပက်စိုက်ပျိုးကြကြောင်း၊ မိုးအကုန်ဆောင်းအကူးစိုက်ပျိုးခြင်းကြောင့် ဆောင်းနှမ်းဟုခေါ်ဆိုကြကြောင်း ဖွားစောကျေးရွာနေ တောင်သူဦးဝင်းစိုးကရှင်းပြသည်။ ညောင်ဦးမြို့နယ်ရှိ ကျေးရွာအများစုသည် ဆောင်းနှမ်းစိုက်ပျိုးကြပြီး မိုးမှီသည့် နှမ်းစိုက်ပျိုးခြင်းရှိသလို မိုးရွာသွန်းမှုမရှိပဲ စိုက်ပျိုးထားခြင်းများရှိကြောင်း ဆောင်းတွင်းအအေးဓာတ်ဝင်ရောက်ချိန် အပင်များနှင်းဓာတ်ဖြင့် အောင်မြင်ဖြစ်ထွန်းကြပြီး အောက်တိုဘာလလောက်တွင် ဆောင်းနှမ်းများ အဖူးဖူး၊ အပွင့်ပွင့် အသီးသီးကြကြောင်း၊ ယခုအခါ ဆောင်းနှမ်းများ အသီးသီးမှု ကောင်းမွန်ပြီး အသီးလုံးတိုင်း အောင်မြင်ကာ ဆောင်းနှမ်းအထွက်နှုန်းကောင်းရန် သေချာသလောက်ရှိနေပြီဖြစ်ကြောင်း၊ ပြန်လည်ရောင်းချချိန်တွင်လည်း ဈေးကောင်းရရှိရန် ညောင်ဦးမြို့နယ် ဆောင်းနှမ်းစိုက်ပျိုးတောင်သူများ မျှော်လင့်နေကြကြောင်း သိရသည်။

ဒီပါလင်း(ပြန်/ဆက်)