ဘိုကလေးမြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဘိုကလေး နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား နိုဝင်ဘာ (၁၁) ရက်နေ့မှ စတင်၍ ကျင်းပဆောင်ရွက်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တိုင်း၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဆွေဝင်း၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်း အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးကျော်မင်းယု၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကံဝင်းတို့က ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူရည်ချွန်မောင်မယ်များ၊ ကျောင်းသား/သူများ ခြံရံလျက် ပွဲတော်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ဆက်လက်၍ လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့သည် အ.ထ.က(၁)ကျောင်း၊ အောင်ဆန်းခန်းမတွင် ကျောင်းသား/သူများ၏ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့သီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုနှင့်နိုင်ငံတော်အကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်ဗီဒီယိုပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး  ဦးခင်မောင်ကြည်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပခြင်းသည် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူများနှင့် ကျောင်းသား/သူများ စာဖတ်သည့် အလေ့အကျင့်မှ အလေ့အထ ဖြစ်ပေါ်လာစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားလာစေရန် စသည့် ရည်ရွယ်ချက်များနှင့် ပွဲတော်ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်လျှင် စာကြည့်တိုက်များ၏ အခန်းကဏ္ဍသည် အဓိကအရေးပါကြောင်း၊ စာကြည့်တိုက်များ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်နေမှလည်း ကျောင်းသား/သူများ၊ ပြည်သူများ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ အလွယ်တကူ ဆည်းပူးလေ့လာနိုင်မှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း တစ်နိုင်ငံလုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် နိုင်ငံ၏လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ စာတတ်သူတိုင်း စာဖတ်စေရေးတို့အတွက် အားလုံးက ဆက်လက်စည်းရုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။   

ဆက်လက်ပြီး လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့က ပွဲတော်အတွင်း ကျင်းပဆောင်ရွက်နေသည့် ကာယ၊ ဉာဏပြိုင်ပွဲများ၊ ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား/သူများ၏ စာပေဖတ်ရှုလေ့လာနေမှုများ၊ ဌာနဆိုင်ရာ ပြခန်းများ၊ ဘိုကလေးမြို့နယ်၏ ဒေသဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းနှင့် ပွဲတော်တွင် ပါဝင်အားဖြည့်ကူညီခဲ့ကြသည့် ဘင်ခရာ၊ ပန်းပွား၊ ကရင်ဒုံးယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ  စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား  နိုဝင်ဘာ  (၁၁)ရက်နေ့မှ (၁၂)ရက်နေ့ အထိ ()ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ပြီး ဘိုကလေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ ဆရာ/မများကလည်း တပျော်တပါး ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)