ပေါင်မြို့နယ်၌ မီးခိုး/ မြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေးနှင့် လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပေါင် နိုဝင်ဘာ ၁၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သထုံခရိုင်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ မီးခိုး/ မြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက (အထက) ပေါင်ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သထုံခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးမှ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာခေါင်းစဉ်ဖြင့်  ကျောင်းသား၊ကျောင်းသူများကို အကျယ်တဝင့်ဟောပြောခဲ့သည်။

ဆက်လက်၍ သထုံခရိုင်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးမင်းအောင်မှ လေထုညစ်ညမ်းခြင်းနှင့် မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပေါင်မြို့နယ်တာဝန်ခံတောအုပ်ကြီး ဦးဇော်လွင်ဦးမှ မြန်မာ့ဒီရေတောများအကြောင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည့် မေးခွန်းများ‌ကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူ (၁၄၃) ဦးအား သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

 မွန်မလေး (ပြန်/ဆက်)