ဂန့်ဂေါမြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ဂန့်ဂေါ နိုဝင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အသိ ပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၉)နာရီတွင် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာဝင်းက ကျောင်းသား/ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံသော လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိစေမည့် စာအုပ်စာပေများကိုပါ လေ့လာဖတ်ရှုမှတ်သားရန် လိုအပ်ကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ မူးယစ်ဆေးစွဲသူများ၏ လက္ခဏာများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲရောဂါများ၊ မူးယစ်အစ ဆေးလိပ်ကဆိုသည့် ဆောင်ပုဒ်အတိုင်း ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးအန္တရာယ်များနှင့် မူးယစ်ဆေး မသုံးစွဲမိစေရန် ရှောင်ကျဉ်ရမည့် အချက်များကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများအား မူးယစ် ဆေးဝါးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်(၅၀)စောင်ကို ဖြန့်ဝေခဲ့ကြပြီး မူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများကို ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။       

မောင်မျိုးမင်း(ပြန်/ဆက်)