စလင်း နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄ခုနှစ်အတွက် ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူဦးကြီးများအား လယ်ယာလုပ်ငန်းသုံး သွင်းအားစုများ ကြိုတင်ဝယ်ယူအသုံးပြုနိုင်ကြစေရန်အတွက် ဆောင်းသီးနှံစရိတ်ချေးငွေများကို ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်ကာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄၊ ၂၀၂၅ ခုနှစ်ဆောင်းသီးနှံစိုက်ပျိုးစရိတ် ဘဏ်ချေငွေများကို ပေါက်လေးပင်ကျေးရွာအုပ်စုအပါအဝင် ကျေးရွာအုပ်စု (၇) အုပ်စုတို့မှ တောင်သူ(၂၅၇)ဦးအား ချေးငွေထုတ်ချေးပေးခဲ့ပြီး တောင်သူများပိုင်ဆိုင်ထားသော(ပုံစံ-၇)မူရင်းများကို ဘဏ်အပေါင်အဖြစ်ရယူပြီး တောင်သူတစ်ဦးချင်းကိုယ်တိုင် အာမခံသည့်စနစ်ဖြင့် ရှင်းလင်းလွယ်ကူစွာ ထုတ်ချေးပေးလျက်ရှိသည်။
အဆိုပါ ဆောင်သီးနှံထုတ်ချေးပေးကာလမှာ ၂၀၂၄ ခုနှစ်အောက်တိုဘာလမှ၊ ဒီဇင်ဘာလကုန်အထိဖြစ်ပြီး ၂၀၂၄ ခုနှစ်အောက်တိုဘာ ၂၅ ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ကျေးရွာအုပ်စု(၇)အုပ်စုတို့မှ တောင်သူ (၂၅၇)ဦးတို့အား ဆောင်းသီးနှံစရိတ်ချေးငွေကျပ် (၁၁၄၈၀၀၀၀၀)သိန်းကို၊ စိုက်ပျိုးဧက (၁၁၄၈)ဧကမှ၊ ဆောင်းသီးနှံများဖြစ်သည့်မြေပဲ(၃၄၈)ဧက၊ ကုလားပဲ(၇၀၀)ဧက၊ ပဲတီစိမ်း(၃၄)ဧက၊ စားတော်ပဲ(၆၆)ဧကတို့အတွက် ထုတ်ချေးပေးပြီဖြစ်ကြောင်း မြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသည့်တောင်သူဦးကြီးများကိုလည်း ဆောင်းသီးနှံ စိုက်ပျိုးစရိတ်များအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
မောင်လွင်(စလင်း)