ကျောက်ဆည် နိုင်ဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆည်ရေပေးစနစ်ဖြင့် စိုက်ပျိုးသီးနှံများ ရေပေးရာတွင် ရေအလေအလွင့် ဆုံးရှုံးမှုနည်းပါးစွာပေးဝေနိုင်ရေး၊ ရေစီးရေလာကေင်းမွန်စွာဖြစ်ပေးဝေနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ထုံးကြီးမြောင်းတွင် ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ စိုက်ဧက(၂၂၇၂)ဧက ရေအလေအလွင့်ဆုံးရှုံးမှုနည်းပါစွာ စိုက်ပျိုးရေများ ပြည့်ဝစွာပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေကျအဆောက်အအုံသည် ကျောက်ဆည်မြို့နယ် စပါယ်တောကျေးရွာအနီး ထုံးကြီးမြောင်း၏ ပေတိုင် အမှတ်(၂၀+၄၀၀)တွင်တည်ရှိပြီး မပြုပြင်သည်မှာ နှစ်ကာလကြာမြင့်ပြီး ရေကျအဆောက်အအုံ၏ အောက်ပိုင်းဝဲ/ယာ ရေတိုက်စားမှုကြောင့် မြောင်းဘောင်များနိမ့်ကျကာ ရေ အလေအလွင့်ဆုံးရှုံးမှုများဖြစ်ပေါ်နေပြီး မြောင်းဘောင်ကျိုးပေါက်မှုမှ ကာကွယ်ရန်အတွက် အမြင့်(၅)ပေ၊ အကျယ်(၁၀)ပေ၊ အလျား ဝဲ/ယာ R/W (၅၀)ပေ၊ ဝဲ/ယာ လိုင်နင်(၂၅)ပေ ကျောက်သားစီ ပြန်လည်ပြုပြင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ(၁၈.၀၀၀)ကျပ်သန်း အကုန်အကျခံပြီး ဆောင်ရွက်ခဲ့ကြောင်းနှင့် ရေကျအဆောက်အအုံ ပြန်လည်ပြုပြင်ပေးခြင်းကြောင့် အဆိုပါ မြောင်းရေသောက် တောင်သူများ၏ မြေဧက(၂၂၇၂)က ရေပေးဝေရာတွင် ရေစီးလောကောင်းမွန်စွာဖြင့် လုံလောက်စွာ ပေးဝေနိုင်ပြီဖြစ်သောကြောင့် တောင်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)