စဉ့်ကိုင် နိုဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြပွဲ/ပြိုင်ပွဲများ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား၊ကျောင်းသူများနှင့် လူငယ်များ အသိပညာဗဟုသုတများကြွယ်ဝပြီး ဗလငါးတန်ဖွံ့ဖြိုး တိုးတက်လာစေရန်၊ စာဖတ်သည့်အလေ့အထကောင်းများ ပိုမိုတိုးတက်လာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အထိမ်းအမှတ်နေ့များအား အစဉ်အောက်မေ့သတိရစေရန်၊ စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများအဖြစ် ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ နံရံစာစောင်ပြပွဲများနှင့် စာအုပ်ပြပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိပြီး နောင်တွင်လည်းယခုလို စာဖတ်ရှိန်မြင့်တင်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ရည်ရွယ်ကာ ညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ နာယက ဦးသန်းအောင်က ယခုလို လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်သည့်အနေဖြင့် ပြပွဲ/ပြိုင်ပွဲများကို ပြုလုပ်ပေးခြင်းသည် လူငယ်များအတွက် များစွာအကျိုးပြုသောကြောင့် လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေအောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး မိမိဘက်ကတက်နိုင်သမျှ ပံ့ပိုးကူညီပေးသွားဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲများကိုပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ယှဉ်ပြိုင်ပြီး ဒိုင်များကို စနစ်တကျရွေးချယ် သတ်မှတ်စေလိုကြောင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများက ကဏ္ဍအလိုက်ဆောင်ရွက်မည့်လုပ်ငန်းများစဉ်များ၌ ဆုများ ချီးမြှင့်နိုင်ရေး၊ ဘဏ္ဍာငွေရှာဖွေနိုင်ရေးလုပ်ငန်းများနှင့် အခြားလိုအပ်သောလုပ်ငန်းများကို အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသီးသီးညှိနှိုင်းဆွေးနွေးတင်ပြခဲ့သည်။
ကျော်စွာ (စဉ့်ကိုင်) (၃၉၉)