မန္တလေး နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စတုတ္ထအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်နှင့် ရစက်ချအခမ်းအနားကို ယမန်နေ့က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆×၂၇ လမ်းကြား၊ ၇၁ လမ်းရှိ မြို့တော်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ ချမ်းမြသာစည်မြို့နယ်၊ မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်းဆရာတော် နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တသုဇနပီယ အမှူးပြုသည့် သံဃာတော်အရှင်သူမြတ် ၅၄ ပါး ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး ဒေါ်မမ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့်ဇနီး ဒေါ်မီမီထွန်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် တက်ရောက်လာကြသူများက “နမောတဿ” (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် မဟာဓမ္မိကာရာမတိုက်မှ ဝါဆိုသံဃာ(၆၅၅)ပါးတို့အား အမှူးထား၍ မိတ္ထီလာကျောင်းဆရာတော်ထံ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီးတို့က ကထိန်လျာ ဉာတ်သင်္ကန်းအား ဆက်ကပ်လှူဒါန်းခြင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးတို့က ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များထံ လှူဖွယ်သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပြီး မဟာဓမ္မိကာရာမတိုက်၊ နံ့သာမြိုင်ဗိုလ်ကျောင်း ဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိဝံသ (သ.စ.သ.အဓမ္မာစရိယ) အရှင်သူမြတ်ထံမှ ရေစက်ချနှင့် အနုမောဒနာတရား နာယူကြည်ညို၍ အခမ်း အနားအား “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်းရုပ်သိမ်းကြသည်။
ထို့နောက် ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စတုတ္ထအကြိမ် စုပေါင်းမဟာဘုံကထိန်တော်တွင် ချမ်းမြသာစည်မြို့နယ်၊ မဟာဓမ္မိကာရာမကျောင်းတိုက်၌ ဝါဆိုတော်မူကြသော သံဃာတော် အရှင်သူမြတ် ၆၅၅ ပါးတို့အား ပဒေသာပင်ပေါင်း ၁၀၂ ခု၊ ဝတ္ထုငွေ (၂၈၉၆၀၉၀၀)ကျပ်၊ လှူဖွယ်ပစ္စည်းတန်ဖိုး (၁၂၂၁၆၈၀၀)ကျပ်၊ စုစုပေါင်း လှူဒါန်းမှု (၄၁၁၇၇၇၀၀)ကျပ် ဖြစ်ကြောင်း သတင်းရသည်။
မြင့်မော်ထွန်း (ပြန်/ဆက်)