၂၀၂၄ခုနှစ်၊နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျရောက်သည့်(၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်တွင်အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေး(MSMEs)လုပ်ငန်းထုတ်ကုန်ပစ္စည်းများ၊ပြပွဲနှင့်ဈေးရောင်းပွဲတော်တွင်လာရောက်ပြသသည့်လုပ်ငန်းရှင်များ၏ရင်းတွင်းစကားသံများ

ဘားအံ နိုဝင်ဘာလ ၁၀

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျရောက်သည့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ဘားအံမြို့၊ သီရိကွင်း၌ ကျင်းပြပြုလုပ်လျက်ရှိရာ ပွဲတော်တွင် (MSMEs)ထုတ်ကုန်များ လာရောက်ပြသသည့် ရင်းတွင်းစကားသံများကို ယခုလိုပဲ ဖော်ပြလိုက်ရပါသည်-

ဦးကျော်လင်းထွန်း(ထွန်းစက်မှုလက်မှုလုပ်ငန်း)

ကျွန်တော်ကတော့ ဦးကျော်လင်းထွန်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့လုပ်ငန်းကတော့ ထွန်းစက်မှုလက်မှုလုပ်ငန်းဖြစ်ပါတယ်။ မြစ်သဲကျောက်ပန့်၊ ရော်ဘာကြိတ်စက် နှစ်မျိုးထုတ်ပါတယ်။ အထွေထွေလည်းပြုပြင်ပါတယ်။ ဒီလုပ်ငန်းကို ၂၀၀၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ကျွန်တော့်အဖေရဲ့ လက်ငုပ်လက်ရင်းလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒီလုပ်ငန်းကို ကျွန်တော်ဦးစီးပြီးလုပ်ကိုင်ခဲ့တာတော့ (၁၅)နှစ် လောက်ရှိပါပြီး။ မြစ်သဲကျောက်ပန့်အပြင် အပိုပစ္စည်းမျိုးစုံကိုလည်း ထုတ်ပါတယ်။ နောက်ပြီး ရော်ဘာကြိတ်စက်ကို ကြိတ်စက်အမျိုးမျိုး ၂၇လက်မ ထောင်စက်၊ ၂၈ လက်မ စောင်းစက်၊ ဖိစက် ၆လုံးထိုး ရော်ဘာ ကြိတ်စက်အကုန်ထုတ်ပါတယ်။ လက်ရှိမှာ ကုန်ကြမ်းပစ္စည်းများကို မော်လမြိုင်စက်မှုဇုန်က ယူပါတယ်။ ဘားအံမြို့မှာ ဝယ်ရတဲ့ကုန်ကြမ်းတွေလည်းရှိပါတယ်။ ဖြန့်ဖြူးတဲ့မြို့တွေကတော့ မြစ်ကြီးနား၊ ရန်ကုန်၊ ကျိုက်ထို၊ သာမည၊ မုဒုံ၊ သိမ်ဇရပ်မြို့တွေကို ဖြန့်ဖြူးလျက်ရှိပါတယ်။ ရော်ဘာကြိတ်စက်တွေကိုတော့ ကရင်ပြည်နယ်အတွင်းသာမက ရော်ဘာစိုက်ပျိုးတဲ့ မွန်ပြည်နယ်၊ တခြားပြည်နယ်တွေကိုပါ အထောက်အကူပြုပါတယ်။ ကျွန်တော်ကတော့ ဒီလုပ်ငန်းတွေကို ပိုပြီးချဲ့ထွင်နိုင်အောင် စက်မှုကြီးကြပ်ဦးစီးဌာနတွေနဲ့ ပူးပေါင်းပြီးတော့ မြေနေရာကျယ်ကျယ်ရရှိခဲ့မယ်ဆိုရင် ဒီစက်တွေကို ဒီထက်မကအများကြီးထုတ်ချင်ပါတယ်။ ယခုထွန်းစက်မှုလက်မှုလုပ်ငန်းကထုတ်တဲ့ ရော်ဘာကြိတ်စက်ကို ထိုင်းနိုင်ငံက တင်သွင်းမယ်ဆိုရင် ၅လုံးထိုးစက်ကို ကျပ်သိန်း(၂၀၀)ကျော်ကျမှာဖြစ်ပါတယ်။ ယခုကျွန်တော်ထုတ်လုပ်တဲ့ ၆လုံးထိုး ရော်ဘာကြိတ်စက်ကိုတော့ (၈၅)သိန်းနဲ့ ဖြန့်ဖြူးရောင်းချနေတာပဲ ဖြစ်ပါတယ်။ လုပ်သားအင်အား ကတော့ ၅ ဦးကနေ ၁၅ ဦးအထိ ချဲ့ဖို့လည်း မှန်းထားပါတယ်။ ကျွန်တော့်ရဲ့ လုပ်ငန်းတည်ရှိတဲ့နေရာ ကတော့ ဘားအံမြို့ကန်းနားလမ်း နိဗ္ဗာန္ဒ၊ မီးပွိုင့်အနီး၊ အမှတ်၄/(၈၉)ဖြစ်ပါတယ်။ ကျွန်တော့လုပ်ငန်းကို လက်ရှိထက်များများထုတ်နိုင်အောင် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဦးသိန်းဇော်ထိုက်(ခ)ဦးမောင်ဇော်(ကောင်းကင်ပြာ၊ ပရိဘောဂလုပ်ငန်း)

ကျွန်တော်ကတော့ ဦးသိန်းဇော်ထိုက်(ခေါ်)ဦးမောင်ဇော် ဖြစ်ပါတယ်။ ကောင်းကင်ပြာ ပရိဘောဂ လုပ်ငန်းလုပ်ကိုင်ပါတယ်။ ဒီကောင်းကင်ပြာ ပရိဘောဂလုပ်ငန်းကနေပြီးတော့ ကျောင်းသုံးစားပွဲတွေ၊ ခုံတွေ၊ အိမ်ထောင်ပရိဘောဂပစ္စည်းတွေ၊ ကျဉ်းဘောင်တွေ၊ တံခါးတွေ ထုတ်ပါတယ်။ ကုန်ကြမ်းပစ္စည်းတွေကိုတော့ ဖာပွန်ဒေသတစ်ခွင်က ဝယ်ယူရပါတယ်။ ကုန်ချောဖြစ်လာတဲ့ ပရိဘောဂပစ္စည်းတွေကိုတော့ ကရင်ပြည်နယ်အတွင်း ပို့ဆောင်ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ လုပ်ငန်းလုပ်တဲ့နေရာမှာတော့ တစ်ခါတစ်ရံမှာ ကုန်ကြမ်းပြတ်သွားတဲ့ အခက်အခဲတွေ၊ လုပ်သားရှားပါးတဲ့ ပြသနာတွေကိုလည်းတွေ့ရပါတယ်။ ကျွန်တော်ကတော့ MSME အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တဲ့အတွက် ပြခန်းတွေမှာပစ္စည်းများပြသတာ တွေကိုလည်း ဆောင်ရွက်ပေးပါတယ်။ ပစ္စည်းများပို့ဆောင်တဲ့အခါမှာလည်း ဌာနဆိုင်ရာများနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ကိုင်လျက်ရှိပါတယ်။ စီးပွားရေးလုပ်ငန်းကတော့ တစ်ပိုင်တစ်နိုင်လုပ်တဲ့ မိသားစုစီးပွားရေးပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းအတွက် ပံ့ပိုးကူညီမှုတွေရရင်တော့ ပိုပြီးအဆင်ပြေမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဦးစိုးမင်းနောင်(KYAW-3 ကုန်ပစ္စည်းမျိုးစုံထုတ်ရေးလုပ်ငန်း)

(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် စီးပွားထူးချွန်ဆုရရှိသူ

ကျွန်တော်ကတော့ ဦးစိုးမင်းနောင်ဖြစ်ပါတယ်။ KYAW-3 ကုန်ပစ္စည်းမျိုးစုံထုတ်ရေးလုပ်ငန်းက ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ၂၀၁၉ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဓိကထုတ်တာကတော့ ရေလှောင်စည်ဖြစ်ပါတယ်။ အခြားလူသုံးကုန်ပစ္စည်းတွေဖြစ်တဲ့ ရေဇလား၊ အမှိုက်ပုံး၊ ကယ်ဆယ်ရေးလှေများကိုလည်း ထုတ်လုပ်ပါတယ်။ ကုန်ကြမ်းဖြစ်တဲ့ ကော်စေ့ကို သီးသန့်မှာယူရပါတယ်။ ရရှိလာတဲ့ကော်စေ့ကို လိုချင်တဲ့အရောင်စပ်ယူရပါတယ်။ အမှုန့်ပြန်ကြိတ်ရပါတယ်။ အဲ့အမှုန့်ကိုပုံစံခွက်ထဲထည့်ပြီးတော့ လိုချင်တဲ့ပုံစံလုပ်ယူရပါတယ်။ ရရှိလာတဲ့ကုန်ချောတွေကိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြန့်ဖြူးပေးပါတယ်။ ဒီလုပ်ငန်းကိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ကရင်ပြည်နယ်က လူငယ်လေးတွေ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် စက်မှုနှင့်ပတ်သက်ပြီးတော့တိုးတက်မှုရှိအောင် အဓိကထားရည်ရွယ်ပြီး လုပ်ဆောင်တာလည်းဖြစ်ပါတယ်။ အလုပ်သမားအင်အားကတော့ အယောက်(၅၀)ရှိပါတယ်။ ဒီလုပ်ငန်းကို လုပ်တဲ့အခါမှာ စိန်ခေါ်မှုအနေနဲ့ကတော့ စက်နဲ့လုပ်တဲ့ လုပ်ငန်းတွေဖြစ်တဲ့အတွက် အသက်အန္တရာယ်တွေ မထိခိုက်အောင်လုပ်ရပါတယ်။ ကျွန်တော်တို့ လုပ်ငန်းတွေတိုးချဲ့လို့ရအောင် ဌာနဆိုင်ရာအသီးသီးကလည်းပံ့ပိုးပေးပါတယ်။ MSME လုပ်ငန်းကလည်း ချေးငွေတွေထုတ်ချေးပေးပါတယ်။ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့မှာ ကျွန်တော်တို့ KYAW-3 ကုန်ပစ္စည်းမျိုးစုံထုတ်ရေးလုပ်ငန်းက စီးပွားထူးချွန်ဆုရရှိတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ထပ်ပြီးတော့လည်း လုပ်ငန်းတွေချဲ့ထွင်သွားမှာဖြစ်ပါတယ်။

စောရဲကိုဦး(ဆွေထွန်းဆု၊ လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း)

“(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် စက်မှုနှင့်နည်းပညာထူးချွန်ဆုရရှိသူ”

ကျွန်တော်ကတော့ စောရဲကိုဦးဖြစ်ပါတယ်။ ဆွေထွန်းဆု လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းရှင် တစ်ဦးဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ (၈)လပိုင်းကစပြီးတော့ ဒီလုပ်ငန်းအကောင်အထည်ဖော် ပြန်လုပ်ကိုင်တာဖြစ်ပါတယ်။ ဒီလုပ်ငန်းကနေပြီးတော့ အထိုင်မောင်းထွန်းစက် ထုတ်လုပ်ပါတယ်။ ကျန်တာကတော့ လယ်ယာသုံးပစ္စည်းတွေ၊ ထယ်သွားတွေ၊ ထွန်တုံးတွေ ထုတ်လုပ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကိုတော့ မော်လမြိုင်နဲ့ ဘားအံကပဲဝယ်ပါတယ်။ သံဖရိန်ကိုတော့ ရန်ကုန်ကပဲဝယ်ဖြစ်တာများပါတယ်။ ဒီလယ်ယာလုပ်ငန်းခွင်မှာ အထိုင်မောင်းထွန်စက်တွေကို အသုံးပြုခြင်းအားဖြင့် တောင်သူတွေအတွက် အများကြီးအဆင်ပြေပါတယ်။ ကျွန်တော်က လယ်သမားတစ်ဦးလည်း ဖြစ်တဲ့အတွက် ဒီစက်ပစ္စည်းတွေကို လယ်ယာလုပ်ငန်းခွင်မှာအသုံးပြုဖို့ လေ့လာပြီး လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ စက်မှုကြီးကြပ်ဌာနကလည်း ကျွန်တော်ကို လုပ်ငန်းတွေလုပ်နိုင်အောင် ကူညီပေးပါတယ်။ ဒီ(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားမှာ စက်မှုနှင့်နည်းပညာထူးချွန်ဆုကိုရရှိတဲ့အတွက် ဝမ်းသားပါတယ်။ စွန့်ဦးတည်ထွင်တဲ့ လူငယ်တွေကိုလည်း လုပ်ငန်းတွေကို တည်ထွင်ထူထောင်ခဲ့တဲ့ ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်တွေကို အတုယူစေချင်ပါတယ်။

(တွေ့ဆုံမေးမြန်း-စိုးစိုးအေးIPRD၊ စောသိန်းထွေး NRC)