ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် နှံစားပြောင်း ၁၆၇ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ နိုဝင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် နှံစားပြောင်းသီးနှံ ၁၆၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် နှံစားပြောင်း ၂၁ ဧက စိုက်ပျိုးရန်လျာထားရှိရာ ဒေသခံတောင်သူများက မေလက စတင်စိုက်ပျိုးခဲ့ပြီး ယနေ့ထိ နှံစားပြောင်းသီးနှံ ၁၆၇ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ 

"ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေရရှိဖို့အတွက်ရည်ရွယ်ပြီး နှံစားပြောင်းသီးနှံ ၂၁ ဧကစိုက်ပျိုးရန် လျာထားရှိရာ ဒီနေ့ထိ ၁၆၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ နှံစားပြောင်းကို ဒေသခံတောင်သူတွေက လျာထားစိုက်ဧက ပြည့်မီအောင် မေလ ပထမပတ်ကစတင်စိုက်ပျိုးခဲ့ကြပြီး ဒီနေ့မှာသတ်မှတ်စိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မိုးရွာသွန်းမှုက ကောင်းမွန်ခဲ့တာကြောင့် နှံစားပြောင်းစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုလဲရှိပါတယ်။ လက်ရှိမှာနှံစားပြောင်းစိုက်ခင်းတွေ သီးနှံအထွက်နှုန်းကောင်းမွန်ရေးအတွက် တောင်သူတွေနဲ့ပူးပေါင်းပြီး စိုက်ပျိုးရေးသွင်းအားစုများ စနစ်တကျသုံးစွဲခြင်း၊ အချိန်မီရိတ်သိမ်းနိုင်အောင် နည်းပညာပေးခြင်းစတဲ့ တောင်သူပညာပေးလုပ်ငန်းတွေကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်နေပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှံစားပြောင်းသီးနှံစိုက်ပျိုးခြင်းကို သီးနှံဝင်ငွေတိုးပွားရေးနှင့် ကျွဲနွားတိရစ္ဆာန်များအတွက် အစာဖူလုံစေရန်အတွက် မိုးရာသီတွင်အဓိက စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် နှံစားပြောင်းသီးနှံစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အောင်မြင်ဖြစ်ထွန်းစေရန်နှင့် သီးနှံအထွက်နှုန်းများ ကောင်းမွန်စေရန်လိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများနှင့် မျိုးကောင်းမျိုးသန့်များ ဝယ်ယူရရှိရေးပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သဖြင့် သတ်မှတ်စိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

 လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )