အုတ်တွင်း နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ (၁၉) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့နံနက်(၇) နာရီအချိန်က စျေးရပ်ကွက်ရှိ၊ စျေးဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယကဆရာတော် အတွင်းရေးမှူး ဘဒ္ဒန္တဥူးသြဘာသ (မဟာဂန်တဝါစက)ထံမှ ငါးပါးသီလ ခံယူပြီး ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်း အကျိုးတရားအား ဟောကြားပေးခဲ့ကြောင်း၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မနှင့် ဆွမ်းအစရှိသည်တို့ကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အ.ထ.က (အုတ်တွင်း) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများမှ စုပေါင်းလှူဒါန်းခဲ့၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။
စုပေါင်းမဟာဘုံကထိန်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တန်ဖိုးငွေကျပ် (၂၂၃၂၅၀၀)၊ အ.ထ.က(အုတ်တွင်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်း သား/ကျောင်းသူများက ပစ္စည်းနှင့်လှူဒါန်းငွေ စုစုပေါင်းတန်ဖိုး ငွေကျပ်(၁၀၀၀၀၀၀၀) တို့အား ဈေးဘုန်းတော်ကြီးကျောင်းသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)