နတ်မောက် နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ (၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့တွင် ဆရာတော်ကြီးများအား အာရုံဆွမ်းကပ်လှူဒါန်းခြင်း၊ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များနာယူပြီး လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်းခဲ့ရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နှစ်ပတ်လည်နေ့အခမ်းအနား ဆက်လက်ကျင်းပခဲ့သည်။
ထို့နောက် (၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်များအား မြို့နယ်အုပ်ချုပ်ရေးမှူးက ရှင်းလင်းပြောကြားခဲ့ပြီး ဌာန၏သမိုင်းကြောင်းအား Video Clip ဖြင့် ပြသခဲ့သည်။ ဆက်လက်၍ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် အရေးပြိုင်ပွဲဝါသနာရှင်(ပထမတန်း)အဆင့်တွင် ပထမဆုရရှိခဲ့သူအား မြို့နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။ နတ်မောက်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံရမည့် အခွန်(၄)မျိုးအား သတ်မှတ်ကာလအတွင်း ပြေကျေစွာကောက်ခံနိုင်ခဲ့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌတို့က ဆုများချီးမြှင့်ခြင်း၊ ဝန်ထမ်းများအား နှစ်ပတ်လည်နေ့အထိမ်းအမှတ် Truck Suit ဝတ်စုံများပေးအပ်ခဲ့ပြီး အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့်ဝန်ထမ်းများအား ဆုများချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း