မော်လမြိုင် နိုဝင်ဘာ ၉
မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို STEPs နည်းလမ်းဖြင့် လေ့လာခြင်း၊ သုတေသနဆောင်ရွက်ခြင်း၊ စစ်တမ်းကောက်ယူခြင်းဆိုင်ရာ အသိပေး ဆွေးနွေးပွဲအခမ်းအနားကို မော်လမြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာဝတ်မှုံ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မိုးသွယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီနှင့် စေတနာ့ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် မွန်ပြည်နယ် ဒုတိယပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး(စီမံ/ဘဏ္ဍာ)ဒေါက်တာဝတ်မှုံမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုသုတေသန လုပ်ငန်း သည် မကူးစက်ရောဂါ ကာကွယ်ရေး လုပ်ငန်းအတွက် ဆောင်ရွက်ရန် အရေးကြီးကြောင်းနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာကျော်မြတ်ထွန်းမှ STEPs နည်းလမ်းဖြင့် ဆောင်ရွက်မည့် သုတေသနလုပ်ငန်း၏ ဆောင်ရွက်ရမည့် ရည်ရွယ်ချက် လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်သူများမှ အပြန်အလှန်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)