ဓနုဖြူမြို့နယ် အမှတ်(၆)(ဘီဘီအမ်)၊ အခြေခံပညာမူလတန်းကျောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

မအူပင် နိုဝင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ်(၆)(ဘီဘီအမ်) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းနေအရွယ်ကလေးများ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များအား လိုက်နာကျင့်သုံးရွေးချယ်တတ်စေရန်၊ စားသုံးသူကာကွယ် ရေးလုပ်ငန်းစဉ်များအား သိရှိနားလည်တတ်စေရန်နှင့် မိမိအခွင့်အရေးအား တောင်းဆို တက်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီက အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင်  စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးမှ ကလေးငယ်များအား  စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ အခွင့်အရေး(၈)ချက်ဖြစ်သည့် စိတ်ကြိုက်ရွေးချယ်ခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်၊ မှန်ကန်သော သတင်းအချက်အလက်များရရှိခွင့်၊ အခြေခံလိုအပ်ချက်များအား စိတ်ကျေနပ်မှုရရှိခွင့်၊ နစ်နာဆုံးရှုံးမှုများကို တိုင်ကြားခွင့်၊ နစ်နာဆုံးရှုံးမှုများ နှင့်စပ်လျဉ်း၍ ပါဝင်ကြားနာခွင့်၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များ သိရှိလေ့လာနိုင်ခွင့်၊ ကျန်းမာသည့် ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နိုင်ခွင့်တို့ကို ရှင်းလင်းဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အသင့်စား အစားအစာများကို ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် အစားအစာများကို ရွေးချယ်ဝယ်ယူအသုံးပြုရန် နမူနာပစ္စည်းများဖြင့် ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံးရက်စွဲများ သေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန် မေးမြန်းခြင်းတို့အား အသိပညာ‌ပေး ဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)