ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၌ ဖူဆယ်အားကစားရုံသစ်ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး

ပြည် နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းက ပြည်မြို့၌ ကျင်းပ​ပြုလုပ်သည့် ဖူဆယ်အားကစားရုံသစ်ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လမ်းပန်း ဆက်သွယ်ရေးရာဝန်ကြီး ဦးတင့်ဆွေနှင့် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသိန်းအောင်တို့က ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ မူယာပင်နယ်မြေ လေထပ်ပြင်ဖူဆယ် အားကစားကွင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြ​ပြီး ဖူဆယ်အားကစားရုံ၏ ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖူဆယ်အားကစားရုံ၌ ဖူဆယ်အားကစားအတွက် ဘောလုံးများပေးအပ်ကာ  ဖူဆယ်ဘောလုံးပြိုင်ပွဲကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က စပေး ဘောလုံးကန်၍ ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ပြည်မြို့နယ်ရဲတပ်ဖွဲ့အသင်းနှင့် ပြည်မြို့နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းအသင်းတို့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါဖူဆယ်အားကစားရုံ၏ ပွဲကြည့်စင်များ တိုးချဲ့တည်ဆောက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားကာ ဖွင့်ပွဲ၌ ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့သည့် ပန်းပွားအကအဖွဲ့နှင့် ဘင်ခရာအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

အဆိုပါ ပြည်မြို့ ဖူဆယ်အားကစားရုံကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၉၉.၅၀)သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့် စနူကာအသင်း ပြည်မြို့ ရွှေတစ်ချောင်းလမ်းရှိ Snooker Club၌ စခန်းသွင်း လေ့ကျင်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ အားကစား သမားများအတွက် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)