ကျောက်ဆည်မြို့၌ အကျိုးပြု အဏုဇီဝပိုးများ လက်တွေ့ရှာဖွေအသုံးပြုခြင်းနှင့် ထိန်းသိမ်းခြင်း သင်တန်းဆင်းပွဲနှင့် ငါးမြေဩဇာအရည် ထုတ်လုပ်ခြင်းနည်းပညာလွှဲပြောင်းပွဲ အခမ်းအနားကျင်းပ

ကျောက်ဆည် နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဦးစီးဌာနတွင် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်နေသော တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ဖြစ်သည့် သဘာဝဇီဝမြေဩဇာများ၊ ဇီဝပိုးသတ်ဆေးများအသုံးပြုခြင်းဖြင့် စိုက်ပျိုးမြေဆီလွှာများ ကောင်းမွန်ခြင်း၊ စိုက်ပျိုးသီးနှံအပင်များအပေါ် အကျိုးသက်ရောက်မှုရှိခြင်းများကို လက်တွေ့လေ့လာနိုင်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့သော အကျိုးပြုအဏုဇီဝပိုးများ လက်တွေ့ရှာဖွေအသုံးပြုခြင်းနှင့် ထိန်းသိမ်းခြင်းသင်တန်းဆင်းပွဲနှင့် ငါးမြေဩဇာအရည် ထုတ်လုပ်ခြင်းနည်းပညာလွှဲပြောင်းပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက ဇီဝနည်းပညာသုတေသနဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဇီဝနည်းပညာသုတေသနဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်(တာဝန်ခံ) ဒေါက်တာအေးအေးခိုင်(ကိုယ်စား) ဒေါက်တာခင်မြတ်လွင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ပြီး ကျောက်ဆည် မြို့ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ Global Earth company ltd, အား ငါးမြေဩဇာအရည် ထုတ်လုပ်ခြင်း နည်းပညာစာချုပ်အား လွှဲပြောင်းပေးအပ်ခဲ့ရာ ကုမ္ပဏီတာဝန်ခံဦးကျော်ဇေယျာမိုးက လက်ခံရယူပြီး သင်တန်းဖွင့်လှစ်နိုင်ရေး လိုအပ်သောအထောက်အပံ့များ‌ ပြန်လည်ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမြတ်မင်းက ကျောက်ဆည် မြို့ ဇီဝနည်းပညာသုတေသနဦးစီးဌာနအနေဖြင့် အမျိုးသားလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူဖြစ်စေမည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ရေးအတွက်သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပြီး ဇီဝထုတ်ကုန်များနှင့်စပ်လျဉ်း၍ နည်းပညာအထောက်အပံ့ပေးခြင်း၊ မျှဝေခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ သုနေသနဆိုင်ရာ တိုင်းတာစစ်ဆေးခြင်း၊ ဇီဝထုတ်ကုန်၊ သွင်းကုန်များအား အရည်အသွေးတိုင်းတာ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)