ထန်းတပင်မြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကိုကျင်းပ

ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၉

နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့်ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို နိုဝင်ဘာလ (၇) ရက်နေ့၊ နံနက်(၅)နာရီအချိန်က ကျင်းပခဲ့ သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အမှတ်(၄)ရပ်ကွက် သီရိမင်္ဂလာ ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဥတ္တရထံမှ ဧည့်ပရိ သတ်များကငါးပါး သီလခံယူတည်ခဲ့ကြပြီး သံဃာတော်များထံမှပရိတ်တရားတော်များကိုနာယူကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် အမှတ်(၄)ရပ်ကွက် သီရိမင်္ဂလာကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ဘဒ္ဒန္တဥတ္တရထံမှ အနုမောဒနာတရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ဝန်ထမ်းများက သံဃာတော်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ မွန်းလွဲ(၁)နာရီအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ်အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်နိုင်ဦးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းကိုဖတ်ကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးနှင့်တာဝန်ရှိသူများက ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်ထမ်းများအား အမှတ်တရဂုဏ်ပြု လက်ဆောင်များပေးအပ်ခဲ့ကာ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများကို ဗလာမပါကံစမ်းမဲများ ဖောက်ပေးခဲ့ ကြောင်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)