မိုင်းယု နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့သည် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ၊ စီးပွားရေးလာဘ်လာဘ တိုးတက်ကောင်းမွန်စေရန်နှင့် သဘာဝဘေးကပ်ဆိုးများ ဆိုက်ကပ်မှုမရှိစေရန်အတွက် ရည်စူး၍ တစ်နှစ်လျှင် တစ်ရွာစီဖြင့် အလှည့်ကျကျင်းပလေ့ရှိသည့် ရိုးရာဓလေ့ ကထိန်ဆင်ဆွဲပွဲတော်ကို နိုဝင်ဘာ ၅ ရက်နေ့မှစတင်၍ ၈ ရက်နေ့ထိ လေးရက်တိုင်တိုင် မြို့မရပ်ကွက်၊ ဒေါင်နေကျေးရွာရှိ ဝပ်ကြွမ်းခေါင်းဘုန်ကြီးကျောင်းအတွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ကထိန်ဆင်ဆွဲပွဲကျင်းပရာကျောင်းတိုက်သို့ အလှူရှင်တိုင်းရင်းသားတို့က မိမိတို့သတ်မှတ်ထားသည့် အစုအဖွဲ့လိုက်များအလိုက် ဆင်ရုပ်၊ မြင်းရုပ်များပေါ်တွင် စိတ်စေတနာ သဒ္ဒါတရား ထက်သန်သည့်အပေါ် လှူဖွယ်ပစ္စည်းအမျိုးမျိုးနှင့် ဝတ္ထုငွေများကို စုပေါင်းလှူဒါန်းအလှတန်ဆာဆင်၍ ယင်းဆင်ရုပ်၊ မြင်းရုပ်များကို ပွဲတော်နောက်ဆုံးရက်၌ မိမိတို့ပြုလုပ်ထားသည့်နေရာမှ ဘုန်းတော်ကြီးကျောင်း တိုက်သို့ ကြိုးများဖြင့်ဆွဲကာ ပို့ဆောင်ဆက်ကပ်လှူဒါန်းကြခြင်းများ၊ အခြားအလှူရှင်မိသားစု အသိုင်းအဝိုင်း များကလည်း မိမိတို့စိတ်စေတနာသဒ္ဒါတရားအလျှာက် အိမ်ပုံစံငယ်များ၊ သတ္တဝါပုံစံငယ်များနှင့် အခြားလူသုံးကုန်လှူဖွယ်ဝတ္ထုများကို အလှတန်ဆာဆင်ပြုလုပ်ကြပြီး ဆက်ကပ်လှူဒါန်းကြခြင်း၊ ပွဲတော်သို့ ဒေသတွင်းရှိ သံဃာတော်အရှင်သူမြတ်များအား ပင့်ဖိတ်၍ လှူဖွယ် ပစ္စည်းတို့အား ဆက်ကပ်လှူဒါန်းခြင်းများနှင့်အတူ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ယင်းပွဲတော်ကျင်းပသည့် နေ့ရက်များ၌ တိုင်းရင်းသားများက ရိုးရာအကများဖြင့် ကပြဖျော်ဖြေခြင်း၊ အလှူပြုသည့် အလှူရှင်များနှင့် အလှည့်ကျသည့် ယင်းကျေးရွာမှ အလှူရှင်များက မိမိတို့အိမ်၌ ဧည့်သည်တော်များအား ဖိတ်ကြား ဧည့်ခံကျွေးမွေးခြင်းနှင့် ကျောင်းတိုက်သို့ လာရောက်လှည့်ပတ်သည့် ဧည့်သည်များကိုလည်း ဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ကြကြောင်းနှင့် အဆိုပါ ပွဲတော်သည့် ဒေသခံရှမ်းတိုင်းရင်းသားတို့၏ အမြတ်တနိုးတန်ဖိုးထားသည့် ပွဲတော်ဖြင့်၍ အလှူရှင်အဖွဲ့များ၊ လာရောက်လည်ပတ်သူများ၊ ဈေးသည်များဖြင့် အထူးစည်ကားခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်