ဝင်ငွေရရှေးဦးပြုစုခြင်းဆိုင်ရာ စီးပွားရေးအမြင် ချိတ်ဆက်မှုသင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာလ ၉

မြန်မာနိုင်ငံကြက်ခြေနီအသင်းအရင်းအမြစ် စုစည်းအသုံးချရေးဌာနသည် အသင်းရန်ပုံငွေမြှင့်တင်ရေးလှုပ်ရှားမှုများ၊ ဝင်ငွေတိုးလုပ်ငန်းများနှင့် အသင်းခွဲများ ရန်ပုံငွေဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအထောက်အပံ့ပေးခြင်းတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ဝင်ငွေရရှေးဦးပြုစုခြင်းဆိုင်ရာ စီးပွားရေးအမြင် ချိတ်ဆက်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Best Western Green Hill Hotel တွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက် အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Head of Delegation Ms. Nadia Khoury က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ အသင်းဥက္ကဋ္ဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူ၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဦကျော်မိုးကြည်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကြည်အောင်၊ အသင်းဌာနချုပ် ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာ ဒေါ်ညိုညိုဝင့်၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ညွှန်ကြားရေးမှူး ဦးမြတ်မင်းနိုင်၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။

Commercial First Aid (CFA) Guideline အတိုင်း စနစ်တကျ လုပ်ကိုင်နိုင်ရန်၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ အခြေခံသဘောတရားများကို သိရှိစေရန်နှင့် ဝင်ငွေရလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ကာ သင်တန်းကို ပြုလုပ်ခြင်းဖြစ်ပြီး နိုဝင်ဘာလ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ ပြုလုပ်လျက်ရှိသည့် အဆိုပါသင်တန်းသို့  ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ အထောက်အကူပြု အရာရှိများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ စုစုပေါင်း (၂၃)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)