မြစ်ကြီးနား နိုဝင်ဘာ ၈
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၄ ခုနှစ်အတွင်း ကျရောက်သော တန်ဆောင်တိုင်ပွဲတော်၊ ရိုးရာကောက်သစ်စားပွဲတော်၊ မိသားစုခရစ္စမတ်ပွဲတော်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့၏ ရိုးရာယဉ်ကျေးမှုထုံးစံနှင့် သက်ဆိုင်သည့် အခမ်းအနားများကို မြန်မာ့ရိုးရာအစဉ်အလာ၊ ယဉ်ကျေးမှုအဆင့် အတန်းမြင့်မားမှုကို ပေါ်လွင်အောင် ကျင်းပပြုလုပ်ရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်အဆင့် အခမ်းအနားများကိုလည်း ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တန်ဆောင်တိုင်ပွဲတော်၊ ရိုးရာကောက်သစ်စားပွဲတော်၊ မိသားစုခရစ္စမတ်ပွဲတော်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် (၇၇)နှစ်မြောက် ပြည်နယ်နေ့ အခမ်းအနားကို အေးချမ်းလုံခြုံ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ယခင်နှစ်အတွေ့အကြုံများအပေါ် အခြေခံပြီး ပိုမို ကောင်းမွန်သည့် အစီအမံများဖြင့် ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက တန်ဆောင်ပွဲတော်တွင် ရှေးဟောင်းစေတီပုထိုးများတွင် စတုဒီသာများ ကျွေးမွေးဧည့်ခံသွားမည့် အစီအစဉ်များ၊ ရှင်ဥပဂုတ္တမထေရ်မြတ်ဖော်တော် ရေမျှောပူဇော်ပွဲနှင့် ဆီမီးမျှော ပူဇော်ပွဲများ ထည့်သွင်းကျင်းပသွားမည့် အစီအစဉ်များ၊ ကောက်သစ်စားပွဲတော်တွင် တောင်သူများ ဖိတ်ကြား၍ ရိုးရာနှင့်အညီ ကျင်းပပြုလုပ်သွား အစီအမံများ၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများအပြင် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည့် အစီအစဉ်များ၊ ကချင်ပြည်နယ်နေ့ လူထုအခမ်းအနား၊ မနောအက၊ MSME ထုတ်ကုန်ပြခန်းများ ဖွင့်လှစ်ပြသရေး၊ အားကစားနှင့် ပျော်ပွဲရွှင်ပွဲကျင်းပပြုလုပ်ရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးတင်ပြဆွေးနွေးကြရာ ယခင်နှစ်အတွေ့အကြုံအပေါ် အခြေခံပြီး အားနည်းချက်များကို ဖြည့်စွက်ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက်ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက်ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် လုပ်ငန်းအစီအစဉ်များကို အချင်းချင်း ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီကလည်း ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မသန်စွမ်းသူများအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲ အခမ်းအနားတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မသန်စွမ်းအားကစားလှုပ်ရှားမှုအစီအစဉ်တွင် ပါဝင်ကြမည့် မြစ်ကြီးနားမျက်မမြင်ကျောင်းနှင့် မသန်စွမ်းသူများအသင်းမှ အင်အား (၁၀၀)ကျော်တို့အား သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးရာ ပဉ္စမအကြိမ်မြောက်အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများမှ စခန်းဝင် အားကစားသမားများနှင့်အတူ ပြည်နယ်ဘောလုံးကွင်း ပတ်လမ်းအတိုင်း မီတာ (၈၀၀) အား တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်မှုကို အားပေးကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမျက်မမြင်ကျောင်းနှင့် မသန်စွမ်းသူများအသင်းတို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်ရုံးများမှ အရာထမ်း/အမှုထမ်း ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်