သထုံမြို့နယ်၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

သထုံ နိုဝင်ဘာ ၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ပြုလုပ်ပေးရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျောင်းသား/ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးအောင် စာပေများဖတ်ရှုကြရေး၊ စာပေလေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေးတို့ကိုလည်း‌ကောင်း မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ စာရေးသူရွှေထုံခင်သီတာလှိုင်က လူငယ်များအကျင့်စာရိတ္တကောင်းမွန်‌ရေး၊ ယဉ်ကျေးလိမ္မာရေး၊ အနာဂတ်အတွက် ရည်မှန်းချက်ထားရှိကြရေး၊ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေနေတတ်စေရေး၊ အချိန်ကိုစီမံခန့်ခွဲတတ်စေရေးစသည့် လူငယ်များဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း ဆွေးနွေးဟောပြော‌ကြရာ ကျောင်းသား/ကျောင်းသူတို့က သိလိုသည်တို့ကိုမေးမြန်းကြပြီး ဟောပြောသူတို့က ပြန်လည်ရှင်းလင်းပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(သထုံ)မှ ဆရာဆရာမများ၊ ကျောင်းသား‌/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ၊ သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များကိုခင်းကျင်းပြသထားရာ ဟောပြောပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်