ကျောက်တံခါး နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က အခြေခံပညာမူလတန်း(မူလွန်)(ဗျိုင်းကွင်း)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ရန်ကုန်)တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ တာဝန်ခံဆရာမကြီးများက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စန်းတင့်နှင့် ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းစိုးက စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် စာဖတ်ဖို့အချိန်ပေးရန်အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်အဖြစ် ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းစိုးနှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စက္ကူပြဇတ်၊ ရုပ်ပုံပါပုံပြင်စာအုပ်ဖြင့် ပုံပြင်ပြောခြင်း၊ စာဖတ်ခြင်းများကိုဆောင်ရွက်ပြီး ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်စသည့် အသိပညာပေးနံရံကပ်စာစောင်ပြသရာ ကျောင်းသား၊ ကျောင်းသူက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)